ရှေ့သို့
Image

ဆော်ဒီမြေမှာ ရော်နယ်ဒိုရဲ့အယ်လ်နာဆာကို အပြတ်အသတ်အရေးနိမ့်ခဲ့တဲ့ မက်ဆီရဲ့အင်တာမီယာမီ

9:10 AM, 2 February

ယနေ့နံနက်က ကစားခဲ့တဲ့ အယ်လ်နာဆာနဲ့ အင်တာမီယာမီတို့ရဲ့ခြေစမ်းပွဲစဉ်ကို ခရစ္စတီယာနိုရော်နယ်ဒိုက ပါဝင်နိုင်ခြင်းမရှိတာကြောင့် ပွဲကြည့်စင်ကနေပဲ ကြည့်ရှုခဲ့ရပေမယ့် ဆော်ဒီကလပ်ဟာ မက်ဆီရဲ့ အင်တာမီယာမီကို ဂိုးပြတ်သွင်းပြီး ၆-၀ နဲ့ အနိုင်ယူခဲ့တာဖြစ်ပါတယ်။

ယခုပွဲစဉ်ကို ဂန္ထဝင်ကစားသမားတွေဖြစ်တဲ့ ရော်နယ်ဒိုနဲ့ မက်ဆီတို့ ထိပ်တိုက်တွေ့ဆုံတဲ့ နောက်ဆုံးပွဲစဉ်အဖြစ် သတ်မှတ်ပြီးကျင်းပခဲ့ကြတာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒိုဟာ ခြေသလုံးဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိသလို မက်ဆီကလည်း  ကြံ့ခိုင်မှုမပြည့်ဝတာကြောင့် ပွဲပြီးကာနီးမှသာ လူစားဝင်ကစားသမားအဖြစ်ပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနားဂန္ထဝင်ကစားသမား ဝင်ရောက်လာချိန်မှာ သူ့ရဲ့အသင်းဟာ ၆-၀ နဲ့ ရှုံးနိမ့်နေပြီးဖြစ်တာကြောင့် ပွဲရဲ့ရလဒ်ကို ပြောင်းလဲပေးနိုင်ခဲ့ခြင်းတော့မရှိပါဘူး။ အယ်လ်နာဆာအတွက်ဦးဆောင်ဂိုးကို ပွဲအစ ၃ မိနစ်မှာပဲ အိုတာဗီရိုက သွင်းယူပေးခဲ့ပြီး ကျန်တဲ့ဂိုးတွေကိုတော့ တာလီစကာက သူ့ရဲ့ကစားသမားဘဝ ပထမဆုံးဟက်ထရစ်နဲ့ လာပေါ်တေး၊ မာရန်တို့က အသီးသီးသွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။

လူးဝစ်ဆွာရက်ဇ်၊ ဆာဂျီယိုဘက်စ်ကွက်စ်နဲ့ ဂျော်ဒီအယ်လ်ဘာတို့လို နာမည်ကျော်ကစားသမားတွေကို ပွဲထွက်လူစာရင်းမှာ ထည့်သွင်းခဲ့သော်လည်း အင်တာမီယာမီဟာ အိမ်ရှင်အယ်လ်နာဆာရဲ့ စိုးမိုးခြင်းကို ခုခံနိုင်ခဲ့ခြင်းမရှိပါဘူး။ ယခုတစ်ပတ်အစောပိုင်းမှာ အယ်လ်နာဆာအသင်းနည်းပြက ရော်နယ်ဒိုဟာ ဒီပွဲကိုလွဲချော်သွားမယ်လို့အတည်ပြုခဲ့ပါတယ်။

မန်နေဂျာ လူးဝစ်ကက်စ်ထရိုက “ကျွန်တော်တို့ မက်ဆီနဲ့ရော်နယ်ဒိုတို့ရဲ့ အားပြိုင်မှုကို မြင်တွေ့ရမှာမဟုတ်ပါဘူး။ ရော်နယ်ဒိုက အသင်းမှာပါဝင်နိုင်ဖို့ ပြန်လည်ထူထောင်ရေး နောက်ဆုံးအဆင့်မှာ ရှိနေပါပြီ။ လာမယ့်ရက်အနည်းငယ်အတွင်း အသင်းနဲ့အတူ အလုပ်ပြန်လုပ်နိုင်မယ်လို့ထင်ပါတယ်။ ဒါပေမယ့် ဒီပွဲကိုတော့လွဲချော်သွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုနဲ့မက်ဆီတို့ဟာ ကစားသမားဘဝတစ်လျှောက် ၃၅ ကြိမ်အထိ ထိပ်တိုက်တွေ့ဆုံခဲ့ဖူးပြီး မက်ဆီက ၁၆ ကြိမ်အနိုင်ရရှိထားပါတယ်။

#ရော်နယ်ဒို #မက်ဆီ #အင်တာမီယာမီ #ခြေစမ်းပွဲ #အယ်လ်နာဆာ