ရှေ့သို့
Image

လီဗာပူးမှ ထွက်ခွာတော့မယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေကြားမှာ အနာဂတ်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ ဗန်ဒိုက်

4:26 PM, 31 January

လီဗာပူးအသင်း နောက်ခံလူ ဗန်ဒိုက်ဟာ အသင်းမှထွက်ခွာတော့မယ်လို့ ထင်ကြေးပေးမှုတွေကြားမှာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်မှာ လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ၂၀၂၃-၂၄ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ အဆိုပါသတင်းထွက်ပေါ်ပြီးနောက်ပိုင်းမှာတော့ လီဗာပူးရဲ့အဓိက ကစားသမား ၃ ဦးကလည်း အသင်းကနေ ထွက်ခွာတော့မယ်လို့ ကောလာဟလတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဒီအပတ်မတိုင်ခင်က ဗန်ဒိုက်ဟာ အသင်းကနေ ကလော့ပ်ထွက်ခွာသွားမယ်ဆိုပါက သူ့အနေနဲ့လည်း လီဗာပူးရဲ့ လူစာရင်းမှာ ရှိနေဦးမလားဆိုတာ မပြောတတ်ဘူးလို့ အသိပေးလာခဲ့ပါတယ်။ သို့သော် ယခုအခါမှာတော့ ကစားသမားက သူ့ရဲ့မှတ်ချက်နဲ့ပတ်သက်ပြီး ဖြေရှင်းပြောဆိုမှုတွေ ပြန်လည်ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။

ဗန်ဒိုက်က “ဒါကစဉ်းစားရမယ့် အခြေအနေပါပဲ။ ဒါပေမယ့် ၁၀၀ ရာခိုင်နှုန်း ရှင်းရှင်းလင်းလင်းသိစေချင်တာကတော့ ကျွန်တော်က အသင်းအပေါ် လုံးဝကတိမဖျက်ပါဘူး။ ကျွန်တော်ဒီအသင်းကိုချစ်တယ်။ ပရိသတ်တွေကိုလည်းချစ်တယ်” “ဒါက ကျွန်တော်တစ်ယောက်တည်းနဲ့ မသက်ဆိုင်ပါဘူး။ ကျွန်တော်တို့တစ်သင်းလုံးနဲ့ပတ်သက်ပြီး ပြောင်းလဲမှုလည်းရှိလာမှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၅ ရက်လောက်က ကျွန်တော့်ရဲ့စာချုပ်နဲ့ပတ်သက်ပြီး မပြောကြကတော့ နည်းနည်းကြောင်ပါတယ်။ ဒါပေမယ့် ဒီနှစ်ကို ထူးခြားတဲ့နှစ်တစ်နှစ်ဖြစ်အောင်ကြိုးစားဖို့ပဲ ကျွန်တော်အာရုံစိုက်ထားပါတယ်”

“ကလော့ပ်ရဲ့ကြေညာချက်က အသင်းအတွက်သာမကဘဲ အသင်းနဲ့ ဆက်စပ်နေတဲ့လူတွေအတွက်ပါ အံ့ဩစရာပါ။ ပရိသတ်တွေဘယ်လိုခံစားရမလဲဆိုတာ ကျွန်တော်တို့သိပါတယ်” “ကျွန်တော်တို့ ဒီအခြေအနေကိုဖြတ်ကျော်ချင်ပါတယ်။ ရာသီအစမှာကျွန်တော်တို့ မက်ခဲ့တဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ချင်တယ်။ ကျွန်တော်က အသင်းခေါင်းဆောင်ပါ။ ဒီအသင်းမှာနေထိုင်ရတဲ့ မိနစ်တိုင်း စက္ကန့်တိုင်းကိုချစ်ပါတယ်။ ကျွန်တော်တို့ ရှေ့ဆက်သွားရပါမယ်”လို့ပြောကြားခဲ့ပါတယ်။

ယာဂင်ကလော့ပ်ကလည်း ချဲလ်ဆီးနဲ့ ပွဲစဉ်မတိုင်ခင်မှာ အသင်းကနေ ထွက်ခွာမယ့်ကစားသမားတွေရဲ့ ကောလာဟလတွေကို ဖြေရှင်းပြောဆိုလာခဲ့ပါတယ်။

ကလော့ပ်က “ကျွန်တော် အသင်းကနေ ထွက်မယ်ဆိုတာ အသင်းက သိပြီးသားပါ။ ဒါပေမယ့် ကျွန်တော်က အသင်းရဲ့ကစားသမားတွေကိုပါခေါ်သွားရမှာလား။ အသင်းက ဒီလိုမျိုးစီးပွားရေးမလုပ်ပါဘူး။ လူတွေက ပိုသိချင်တာတွေရှိပေမယ့် ဒါကပုံမှန်ပါပဲ။ ကစားသမားတွေက ဒီမှာပဲရှိနေမှာပါ။ စိတ်ပူစရာမရှိပါဘူး။ သူတို့က ဒီအသင်းကို ချစ်ပါတယ်။ ဒါကလုံးဝသေချာပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

#လီဗာပူး #ဗန်ဒိုက် #ပရီးမီးယားလိဂ်