ရှေ့သို့
Image

ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် မတ်လအတွင်း ပြုံယမ်းမှာ ဂျပန်ကိုလက်ခံကစားသွားမယ့် မြောက်ကိုရီးယား

1:55 PM, 31 January

မြောက်ကိုရီးယားအသင်းက ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တစ်ခုကို လာမယ့်မတ်လအတွင်းမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားပါလိမ့်မယ်။

အာရှဘောလုံးအဖွဲ့ချုပ်(AFC)ရဲ့ ဗုဒ္ဓဟူးနေ့ထုတ်ပြန်ချက်အရ မြောက်ကိုရီးယားအမျိုးသားလက်ရွေးစင်အသင်းက အာရှဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအကျော့ပွဲစဉ်အဖြစ် ဂျပန်အသင်းနဲ့ မတ် ၂၆ ရက်၊ ပြုံယမ်းမှာ လက်ခံယှဉ်ပြိုင်သွားဖွယ်ရှိတယ်လို့ သိရပါတယ်။ ဂျပန်ပြည်တွင်းသတင်းဌာနတွေကလည်း AFC ရဲ့ အခုပွဲစဉ်ကျင်းပမယ့်နေ့ရက်၊နေရာကြေညာမှုကို ထပ်ဆင့်ရေးသားဖော်ပြခဲ့ပါတယ်။

အခုပွဲစဉ်ကိုသာ အစီအစဉ်အတိုင်း ကျင်းပနိုင်မယ်ဆိုရင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်မှာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် တောင်ကိုရီးယားနဲ့ယှဉ်ပြိုင်ကစားတဲ့ပွဲစဉ်အပြီး လေးနှစ်တာကာလအတွင်း မြောက်ကိုရီးယားမှာကစားတဲ့ အမျိုးသားလက်ရွေးစင်အဆင့် ပထမဆုံးပွဲစဉ် ဖြစ်လာပါလိမ့်မယ်။အဆိုပါပွဲစဉ်မတိုင်မီ ပထမအကျော့ပွဲစဉ်ကို မတ် ၂၁ ရက်မှာ ဂျပန်က အိမ်ရှင်အဖြစ် တိုကျိုမှာ လက်ခံကစားသွားဖို့ ရှိပါတယ်။

အလားတူ မြောက်ကိုရီးယားအမျိုးသမီးလက်ရွေးစင်အသင်းကလည်း ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲအတွက် အိမ်ကွင်း/အဝေးကွင်းခြေစစ်ပွဲစဉ်ကစားဖို့ ဂျပန်အမျိုးသမီးလက်ရွေးစင်အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံနေပြီး ပထမအကျော့ကို ဖေဖော်ဝါရီ ၂၄ ရက်၊ ပြုံယမ်းမှာကစားကာ ဒုတိယအကျော့ကိုတော့ ဖော်ဖော်ဝါရီ ၂၈ ရက်၊ တိုကျိုမြို့မှာ ယှဉ်ပြိုင်ကစားသွားရပါမယ်။


#ဂျပန် #ကမ္ဘာ့ဖလားခြေစစ်ပွဲ #မြောက်ကိုရီးယား