ရှေ့သို့
Image

ဘယ်လင်ဟမ်၊ ကိုင်စီဒိုနဲ့ လာဗီယာတို့ကို ဘာကြောင့်မခေါ်ယူနိုင်ခဲ့တာလဲဆိုတာ ရှင်းပြလာတဲ့ ယာဂန်ကလော့ပ်

12:45 PM, 31 January

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း ပစ်မှတ်ကစားသမား သုံးဦးနဲ့ လွဲချော်ခဲ့ရပြီးနောက် လီဗာပူးအသင်းက သူတို့အတွက် လိုအပ်နေတဲ့ ထိပ်တန်းဖြေရှင်းနည်းတွေကို ရှာဖွေတွေ့ရှိခဲ့ပြီလို့ နည်းပြယာဂန်ကလော့ပ်က ယုံကြည်နေပါတယ်။

ဒေါ့မွန်ကစားသမားဘဝမှာပင် ဘယ်လင်ဟမ်ကို လီဗာပူးက ကာလရှည်စိတ်ဝင်စားခဲ့ပေမယ့် အင်္ဂလန်လက်ရွေးစင်က ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတယ်လို့ အသေအချာသိလိုက်ရချိန်မှာ သူ့ကိုခေါ်ယူနိုင်ရေး လက်လျှော့သွားခဲ့ပါတယ်။ အလားတူ လီဗာပူးက ကိုင်စီဒိုအတွက် ဘရိုက်တန်ဆီ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၁၁ သန်းဖြင့် ကမ်းလှမ်းခဲ့သလို ဆောက်သမ်တန်ကွင်းလယ်လူလာဗီယာအတွက်လည်း အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ ကြိုးပမ်းမှုတွေ ရှိခဲ့ပါတယ်။

ဒါပေမယ့် ဒီကစားသမားနှစ်ဦးလုံးက လီဗာပူးအစား ချဲလ်ဆီးဆီပဲ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့ပါတယ်။ လက်ရှိမှာ ကိုင်စီဒိုနဲ့ လာဗီယာတို့ အနောက်လန်ဒန်ကလပ်အသင်းမှာ ပွဲကစားချိန်ရရှိဖို့ ရုန်းကန်နေရပြီး ချဲလ်ဆီးအသင်းကလည်း ဒီနေ့ညပိုင်း၊ အန်ဖီးလ်ကွင်းမှာ လီဗာပူးနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ကစားရပါလိမ့်မယ်။

အခြားတစ်ဖက်မှာတော့ လီဗာပူးက မက်အယ်လစ္စတာ၊ ဆိုဘိုဆလိုင်း၊ အန်ဒိုနဲ့ ဂရာဗန်ဘတ်ချ်တို့ကို ခေါ်ယူကာ အသင်းရဲ့ကွင်းလယ်ပိုင်းပြန်လည် ပြင်ဆင်လာမှုနဲ့အတူ လက်ရှိအမှတ်ပေးဇယားထိပ်ဆုံးနေရာကို သိမ်းပိုက်ထားပါတယ်။ ဒါ့အပြင် ကလော့ပ်ကိုယ်တိုင်ကလည်း အရာရာတိုင်းဟာ ကောင်းကောင်းအလုပ်ဖြစ်နေပြီလို့ ယုံကြည်နေပါတယ်။

အနီရောင်တပ်သားတွေရဲ့နည်းပြက “ဘယ်လင်ဟမ်ကို ကျွန်တော်တို့ စိတ်ဝင်စားခဲ့ပါတယ်။ အဲ့ဒီအပြောင်းအရွှေ့က ဖြစ်မလာနိုင်ဘူးလို့ သိခဲ့ရပြီးနောက် ကိုင်စီဒိုနဲ့ဆိုရင်တော့ အလုပ်ဖြစ်နိုင်မယ်လို့ ကျွန်တော်တို့ တွေးခဲ့ကြပါတယ်။ ဒါကြောင့် ဒီလမ်းကို လျှောက်ခဲ့ပေမယ့် သူက ချဲလ်ဆီး၊ ပိုချက်တီနိုတို့နဲ့အတူ စိတ်လှုပ်ရှားဖွယ်ရာသဘောတူညီမှုတစ်ခုကို အရင်ကတည်းက ရထားပြီးခဲ့ပါပြီ။ ပြီးတော့ လာဗီယာမှာလည်း သူ့အကြောင်းပြချက်နဲ့ သူရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့ ဒီလောက်နဲ့ရပ်တန့်ခဲ့ရပါတယ်။ ဒီနောက်မှာတော့ ကျွန်တော်တို့ကိုယ်တိုင် ကိုယ့်အသင်းအတွက် ထိပ်တန်းဖြေရှင်းနည်းတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်”

“ကျွန်တော်တို့ အန်ဒိုကို ရှာတွေ့ခဲ့ပါတယ်။ ဒါ့အပြင် မက်အယ်လစ္စတာကလည်း ဒီနေရာအတွက် ကစားပေးနိုင်တယ်ဆိုတာ သိထားခဲ့သလို ဆိုဘိုဆလိုင်းကလည်း ကျွန်တော့်ရဲ့အတွေးထဲမှာ အမြဲတမ်းရှိနေခဲ့ပါတယ်။ ပေါင်သန်း ၁၀၀ တန်အပြောင်းအရွှေ့တစ်ခုခုသာ အလုပ်ဖြစ်ထားမယ်ဆိုရင် နောက်ထပ် ရွေးချယ်ပိုင်ခွင့် အခွင့်အရေးမရှိတော့ပါဘူး။ ကျွန်တော်တို့ ကံကောင်းခဲ့တယ်လို့ ပြောတဲ့အချိန်တုန်းက ကျွန်တော် ဆိုလိုချင်တဲ့ အဓိပ္ပါယ်ဟာ ဒါပါပဲ။ ကြိုတင်မှန်းဆထားတဲ့အတိုင်း ဖြစ်မလာခဲ့တာကပဲ အရာရာတိုင်းကို အဆင်ပြေသွားစေခဲ့ပါတယ်”လို့ ပြောပါတယ်။

#လီဗာပူး #ကလော့ပ် #ဘယ်လင်ဟမ် #ကိုင်စီဒို #လာဗီယာ