ရှေ့သို့
Image

ဘန်ဝှိုက်နဲ့ ဇင်ချန်ကိုတို့အကြား အငြင်းပွားမှုအပေါ် မှတ်ချက်ပေးလာတဲ့ ဂန်းနားနည်းပြအာတီတာ

10:06 AM, 31 January

ဒီနေ့မနက်ပိုင်း၊ နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရရှိတဲ့ပွဲစဉ်အပြီး နောက်ခံလူ ဘန်ဝှိုက်နဲ့ ဇင်ချန်ကိုတို့အကြား အပြင်းအထန်အငြင်းပွားမှုနဲ့ပတ်သက်လို့ အာဆင်နယ်နည်းပြ အာတီတာက အခုလို အသင်းကစားသမားတွေအကြား အချင်းချင်းတွန်းအားပေးနေမှုကို ကြိုက်နှစ်သက်ပြီး ဒီလိုကိစ္စမျိုးကို အားပေးအားမြှောက်ပြုဖို့ လိုအပ်တယ်လို့ ပြောလိုက်ပါတယ်။

အခုပွဲစဉ်မှာ ဂျီးဆပ်စ်နဲ့ ဆာကာတို့က အာဆင်နယ်အတွက် သွင်းဂိုးရယူပေးခဲ့ပြီး ပွဲချိန်နှောင်းပိုင်းမှာ အိမ်ရှင်တွေအတွက် ချေပဂိုးကို တိုက်စစ်မှူးအဝိုနီယီက သွင်းယူပေးခဲ့ပါတယ်။ အခုလိုချေပဂိုးပေးလိုက်ရမှုကြောင့် ပွဲပြီးချိန်မှာ အာဆင်နယ်ရဲ့နောက်ခံအစွန်လူနှစ်ဦးအကြား အချေအတင်ဖြစ်ခဲ့ကြပါတယ်။ ဒါကြောင့် နည်းပြအာတီတာက အခုအခြေအနေကိုထိန်းသိမ်းနိုင်ဖို့ ယူကရိန်းသားနဲ့ တိတ်တဆိတ်ဆွေးနွေးခဲ့ပြီး အသင်းဖော်တွေအကြား အချင်းချင်းတွန်းအားပေးနေမှုကို ကြိုက်ပါတယ်လို့ ပွဲအပြီးမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ပွဲစဉ်အပြီး TNT Sports သတင်းဌာနနဲ့တွေ့ဆုံချိန် အာတီတာက “ချေပဂိုးပေးလိုက်ရတာ မကျေနပ်လို့ တစ်ယောက်နဲ့တစ်ယောက် တွန်းအားပေးနေကြတာပါ။ ကျွန်တော်က ဒီလိုတွန်းအားပေးမှုကို အားပေးရပါလိမ့်မယ်။ ပြီးတော့ ဒီကိစ္စမျိုးကို မှန်ကန်လေးစားမှုရှိတဲ့ နည်းလမ်းမျိုးနဲ့ မြှင့်တင်ပေးသွားရပါမယ်။ တခါတရံ ပွဲပြီးချိန်တွေမှာလည်း စိတ်လှုပ်ရှားမှုတွေများပြားပြီး သွေးပူနေတာမျိုး ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကစားသမားတွေကိုယ်တိုင် တစ်ဦးနဲ့တစ်ဦး အချင်းချင်းတွန်းအားပေးနေတာမျိုးကို ကြိုက်နှစ်သက်ပါတယ်။ ဒီနေ့ပွဲစဉ်မှာတော့ ကျွန်တော်တို့အသင်းက ကိုယ်လိုချင်တဲ့အဆင့်အတန်းမျိုးမှာ ခွင့်မပြုပေးသင့်တဲ့ ပြိုင်ဘက်ရဲ့ချေပဂိုးတစ်ဂိုးကို ခွင့်ပြုပေးခဲ့ရပါတယ်”လို့ ပြောပါတယ်။

အခုပွဲစဉ်အတွက် အာဆင်နယ်ရဲ့သွင်းဂိုးနှစ်ဂိုးလုံးမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ဂျီးဆပ်စ်ရဲ့ခြေစွမ်းပိုင်းကို ချီးကျူးဂုဏ်ပြုခဲ့ပြီး ဘရာဇီးသားဟာ ပွဲမစတင်ခင်မှာ ဒူးပြဿနာတစ်ခုနဲ့ ရုန်းကန်ခဲ့ရတယ်လို့ ဖွင့်ဟပြောဆိုလိုက်ပါတယ်။ ဂျီးဆပ်စ်ရဲ့ညာဒက်ဒူးကို ပတ်တီးဖြင့် ပတ်ထားခဲ့ရပေမယ့် နည်းပြအာတီတာကတော့ သူ့ရဲ့တိုက်စစ်မှူးဟာ အခုပွဲစဉ်မှာ ပါဝင်ကစားဖို့ စိတ်ပိုင်းဖြတ်ခဲ့တယ်လို့ ရှင်းပြပါတယ်။

စပိန်သားနည်းပြက “ဂျီးဆပ်စ်ရဲ့အကောင်းဆုံးပုံစံကို ကျွန်တော်တို့ အမှန်တကယ်လိုအပ်နေပါတယ်။ ပွဲမစတင်ခင် ကျွန်တော်အရမ်းခံစားခဲ့ရပါတယ်။ သူရဲ့ဒူးမှာ အရည်တွေထွက်ပြီး ရုန်းကန်နေရတာကြောင့် ကျွန်တော်တောင် သူနဲ့ ဆွေးနွေးခဲ့ရပါတယ်။ လွန်ခဲ့တဲ့နှစ်ရက်ကတွေ့ခဲ့ရတဲ့ ကြံ့ခိုင်မှုတွေအားလုံး မမြင်တွေ့ရတော့ပါဘူး။ သူကတော့ ပွဲကစားချင်တယ်လို့ပဲ ပြောခဲ့တယ်။ ပြီးတော့ အသင်းဖော်တိုင်းကိုလည်း တိုက်တွန်းနေခဲ့ပြန်ပါတယ်။ အခုလိုအခိုက်အတန့်မျိုးမှာ ဒီလိုစိတ်ဓါတ်ပိုင်းရှိသူတစ်ဦးဦးက ကောင်းမွန်တဲ့အရာအချို့ကို ပြုလုပ်သွားနိုင်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူ့မှာရှိတဲ့ အရည်အသွေးနဲ့ အရည်အချင်းတွေကြောင့် ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဒီနေ့မနက်ပိုင်းအဖိုးတန်အဝေးကွင်းနိုင်ပွဲနဲ့အတူ အာဆင်နယ်က မန်စီးတီးထက်နှစ်ပွဲပိုကစား၊ သုံးမှတ်အသာရကာ အမှတ်ပေးဇယားဒုတိယနေရာဆီ တက်လှမ်းလာခဲ့ပါတယ်။

#အာတီတာ #အာဆင်နယ် #ဇင်ချန်ကို #ဘန်ဝှိုက် #ပရီးမီးယားလိဂ်