ရှေ့သို့
Image

မော်ရိုကိုအား အနိုင်ယူကာ ကွာတားဖိုင်နယ်အဆင့်ဆီ တက်လှမ်းလာတဲ့ တောင်အာဖရိက

9:56 AM, 31 January

တောင်အာဖရိကအသင်းဟာ အခုနှစ်အာဖရိကဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့ မော်ရိုကို,ကို ရှုံးထွက် ၁၆ သင်းရှုံးထွက်အဆင့်မှာပဲ ဖြုတ်ချပြီး ကွာတားဖိုင်နယ်အဆင့်ဆီ တက်ရောက်လာနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့တဲ့ မော်ရိုကိုအသင်းဟာ ဒီနေ့ပွဲမှာ ခြေစွမ်းပြသခဲ့ပြီး အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်းမရှိတာကြောင့် ၂-၀ ဆိုတဲ့ရလဒ်နဲ့ တောင်အာဖရိကအသင်းကို အရေးနိမ့်ခဲ့ပါတယ်။

အုပ်စုအဆင့်ပွဲစဉ်တွေမှာ တောင်အာဖရိကအသင်းက တစ်ပွဲသာ အနိုင်ရရှိခဲ့ပြီး ရှုံးထွက်အဆင့်ဆီ တက်လှမ်းလာခဲ့ပေမယ့် မော်ရိုကိုကတော့ အုပ်စုဗိုလ်အဖြစ် အောင်ပွဲခံကာ အသင်းအတွက် ဒုတိယမြောက်အာဖရိကဖလားအောင်မြင်မှုရှာဖွေနိုင်ဖို့ ခရီးဆက်လာခဲ့တာပါ။ ဒါပေမယ့် မော်ရိုကိုက အခုပွဲစဉ်၊ ပထမပိုင်းပွဲချိန်အတွင်း သွင်းဂိုးရယူနိုင်ခြင်းမရှိသလို ဒုတိယပိုင်း ၅၇ မိနစ်မှာတော့ တောင်အာဖရိကအတွက် မက်ခ်ဂိုပါရဲ့ဦးဆောင်ဂိုးကိုပါ ခွင့်ပြုပေးခဲ့ရပါတယ်။

ဦးဆောင်ဂိုး ခွင့်ပြုခဲ့ရပြီးနောက်ပိုင်းမှာ မော်ရိုကိုက ချေပဂိုးအတွက် တရစပ်တိုက်စစ်ဆင်ခဲ့ပြီး ၈၅ မိနစ်မှာတော့ ချေပဂိုး ရရှိနိုင်ဖို့ အကောင်းဆုံး အခွင့်အရေးအဖြစ် ပင်နယ်တီကန်ခွင့်ရရှိခဲ့ပါတယ်။ VAR စစ်ဆေးချက်အရ တောင်အာဖရိကနောက်ခံလူ မိုသိုဘီအမ်ဗာလာက ဘောလုံးကို လက်နဲ့ထိခဲ့တာဖြစ်ပြီး အဆိုပါပင်နယ်တီကို ဟာကီမီက ဘားတန်းထိအောင် ကန်ခဲ့မိတာကြောင့် မော်ရိုကိုတို့ ချေပဂိုးနဲ့ လွဲချော်ခဲ့ရပါတယ်။

ဒုတိယပိုင်းနာကျင်အချိန်ပိုမှာတော့ မော်ရိုကိုကွင်းလယ်လူ ဆိုဖီယန်အမ်မရာဘတ်က ဂိုးဧရိယာအစပ်မှာ တီဘိုနိုမိုကိုနာကို ပြင်းပြင်းထန်ထန်ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် VAR စစ်ဆေးချက်အရ နှစ်ဝါတစ်နီပြစ်ဒဏ်ဖြင့် ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒီပြစ်ဒဏ်ဘောကန်ခွင့်မှတဆင့် ရရှိလာတဲ့အခွင့်အရေးကို မိုကိုနာက တောင်အာဖရိကအသင်းအတွက် ဒုတိယမြောက်သွင်းဂိုးအဖြစ် ပြောင်းလဲကာ ပြတ်သားတဲ့အနိုင်ရလဒ်ကို ဖော်ဆောင်ခဲ့ပါတယ်။

တောင်အာဖရိကအသင်းက ကွာတားဖိုင်နယ်အဆင့်မှာ ကိတ်ဗာဒီနဲ့ ရင်ဆိုင်သွားပါမယ်။ နောက်ထပ် ၁၆ သင်း အဆင့်ပွဲစဉ်မှာတော့ မာလီက ဘာကီနာဖာဆိုကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တာကြောင့် ကွာတားဖိုင်နယ်အဆင့်ဆီ တက်ရောက်လာခဲ့ပြီး အိမ်ရှင်အိုင်ဗရီကို့စ်နဲ့ ယှဉ်ပြိုင်ဖို့ အခွင့်အရေးရရှိခဲ့ပါတယ်။ မာလီက ပွဲအစ ၃ မိနစ်မှာပဲ ဘာကီနာဖာဆို နောက်ခံလူ တပ်ဆိုဘာရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုနဲ့အတူ စောစောစီးစီးဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းအစ ၄၇ မိနစ်မှာလည်း ဆီနာယိုကိုက နောက်ထပ်ဦးဆောင်ဂိုး ထပ်မံသွင်းယူပေးခဲ့တာကြောင့် အနိုင်ရဖို့လုံလောက်ခဲ့ပါတယ်။

ဘာကီနာဖာဆိုအတွက် ချေပဂိုးကို ဘာထရန်ထရာအိုယေးက ပယ်နယ်တီမှတဆင့် သွင်းယူပေးခဲ့ပါတယ်။ လာမယ့် စနေနေ့မှာတော့ မာလီက လက်ရှိချန်ပီယံဆီနီဂေါကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူခဲ့တဲ့ အိမ်ရှင်အိုင်ဗရီကို့စ်အသင်းနဲ့ ကွာတားဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ကစားရပါမယ်။

#အာဖရိကဖလား #မော်ရိုကို #တောင်အာဖရိက