ရှေ့သို့
Image

ဂရန်နာဒါသို့ အငှားစာချုပ်နဲ့ပြောင်းရွှေ့တော့မယ့် ယူနိုက်တက်တောင်ပံကစားသမား ပယ်လီစထရီ

4:19 PM, 30 January

မန်ချက်စတာယူနိုက်တက်ရဲ့တောင်ပံကစားသမား ဖာကွန်ဒို ပယ်လီစထရီဟာ စပိန်ကလပ် ဂရန်နာဒါသို့အငှားစာချုပ်နဲ့ပြောင်းရွှေ့ဖို့ပြင်ဆင်နေပြီဖြစ်ပြီး ယနေ့မှာပဲ စပိန်နိုင်ငံသို့ ထွက်ခွာတော့မယ်လို့သိရပါတယ်။ ပယ်လီစထရီကိုခေါ်ယူဖို့အတွက် ဂရန်နာဒါဟာ တနင်္လာနေ့က ခိုင်မာတဲ့သဘောတူညီချက်ကိုရရှိခဲ့ပြီး ယခုအခါမှာတော့ အပြီးသတ်စာချုပ် ချုပ်ဆိုဖို့အတွက် ဆောင်ရွက်နေတာဖြစ်ပါတယ်။

ဂရန်နာဒါအနေနဲ့ အသက်-၂၂ နှစ်အရွယ် ကစားသမားကို ရာသီကုန်အထိ အငှားစာချုပ်သက်သက်နဲ့သာခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး အပြီးသတ်ဝယ်ယူခွင့်မပါဝင်ဘူးလို့သိရပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဘက်ကလည်း ကစားသမားရဲ့ လစာတစ်စိတ်တစ်ပိုင်းကိုပေးချေသွားရမှာဖြစ်ပါတယ်။

ဥရုဂွေးလက်ရွေးစင် ကစားသမားဟာ ဒီရာသီ တန်ဟက်လက်အောက်မှာ ယူနိုက်တက်အတွက် စုစုပေါင်း ၁၄ ပွဲပါဝင်ခွင့်ရခဲ့သော်လည်း ပွဲထွက်ကစားသမားအဖြစ်တော့ ပြီးခဲ့တဲ့စက်တင်ဘာလက ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်တစ်ပွဲတည်းသာ ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နယူးပို့ကောင်တီကို ၄-၂ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပယ်လီစထရီဟာ အရန်စာရင်းမှာ ပါဝင်ခဲ့သော်လည်း လူစားလဲဝင်ရောက်ခွင့်တော့ မရခဲ့ပါဘူး။

၂၀၂၀ မှာ အိုးလ်ထရက်ဖို့ဒ်သို့ စတင်ရောက်ရှိလာခဲ့တဲ့ တောင်ပံကစားသမားဟာ ယခင်က လာလီဂါကလပ် အလာဗက်စ်သို့ အငှားနဲ့ ၂ သီကြာ သွားရောက်ကစားခဲ့ဖူးပြီး ၃၅ ပွဲ ကစားကာ ဂိုးသွင်းယူနိုင်ခြင်းတော့မရှိခဲ့ပါဘူး။ လက်ရှိအချိန်မှာ ဂရန်နာဒါအသင်းဟာ လာလီဂါအမှတ်ပေးဇယားရဲ့ အဆင့် ၁၉ နေရာမှာ ရပ်တည်နေပြီး ပွဲစဉ် ၂၂ ပွဲမှာ ၂ ပွဲသာ အနိုင်ရရှိထားတာဖြစ်ပါတယ်။

အသင်းသို့ ပြောင်းရွှေ့ဖို့ဆုံးဖြတ်ချက် မချခင်မှာ ပယ်လီစထရီဟာ ဥရုဂွေးအသင်းဖော် အလက်ဇန်းဒါးမယ်ဒီနာ၊ အသင်းရဲ့အားကစားဒါရိုက်တာ မက်တီယိုတို့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ တောင်ပံကစားသမားဟာ ဥရုဂွေးလက်ရွေးစင် အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရသူတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၃ ပွဲထိ ပါဝင်ခဲ့ရပြီး စုစုပေါင်း ၁၈ ပွဲအထိ ကစားခွင့်ရထားတာ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ပယ်လီစထရီ #ဂရန်နာဒါ #အပြောင်းအရွှေ့