ရှေ့သို့
Image

အမေရိကန်ရာသီကြိုခရီးစဉ်မှာ ယူနိုက်တက်၊ အာဆင်နယ်နဲ့ လီဗာပူးတို့အကြား ခြေစမ်းပွဲစဉ်ကစားဖို့ စီစဉ်နေ

12:27 PM, 30 January

လာမယ့်နွေရာသီမှာ ပရီးမီးယားလိဂ်အကျော်အမော်တွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်နဲ့ လီဗာပူးတို့အကြား ခြေစမ်းပွဲစဉ်တွေကို အမေရိကန်နိုင်ငံမှာ ကျင်းပသွားဖို့ရှိနေမှုနဲ့အတူ အမေရိကန်ဘောလုံးချစ်သူတွေ အတွက် စိတ်ကြိုက်အားပေးနိုင်ရေး ကုန်ကျစရိတ်အချို့ရှိလာပါလိမ့်မယ်။

အလားတူ ချဲလ်ဆီးနဲ့မန်စီးတီးတို့ကလည်း ပင်လယ်ရပ်ခြားဒေသဆီ ထွက်ခွာလာဖို့ စီစဉ်ထားပြီး ခြေစမ်းပွဲစဉ်တစ်ခုကစားကြဖို့ကိုလည်း လတ်တလောမှာ ဆွေးနွေးနေကြပါတယ်။ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီဝက်ကို ကျော်ဖြတ်လာပြီးချိန်မှာပဲ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွက် ရာသီကြိုပြင်ဆင်နိုင်ရေး စီစဉ်နေမှုတွေကလည်း အရှိန်အဟုန်ကောင်းကောင်းဖြင့် ထွက်ပေါ်လာနေပါတယ်။

ပရီးမီးယားလိဂ်ကလပ်အသင်းတွေ ကစားရမယ့်နေရာနဲ့ အချိန်ကို တိတိကျကျမသတ်မှတ်ထားရသေးပေမယ့် ယူနိုက်တက်ကတော့ စပွန်ဆာစာချုပ်သဘောတူညီမှုအရ ဆန်ဒီယေဂိုမြို့ရှိ စနပ်ဒရာဂွန်ဘောလုံးကွင်းကြီးမှာ ခြေစမ်းပွဲစဉ်တစ်ခုကစားလိမ့်မယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နွေရာသီ၊ နယူးဂျာစီရှိ MetLife ဘောလုံးကွင်းကြီးအတွင်း သူရဲနီတွေက ဂန်းနားတွေကို ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်က ဒီကွင်းကြီးမှာကစားခဲ့တဲ့ ဘောလုံးပွဲစဉ်တွေအနက် ကွင်းဝင်ကြေးအများဆုံးရရှိခဲ့တဲ့ ပွဲစဉ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ထူးခြားတဲ့နောက်တစ်ချက်ကတော့ ၂၀၁၅ ခုနှစ်နောက်ပိုင်း ယာဂန်ကလော့ပ်မပါဝင်လာတဲ့ လီဗာပူးအသင်းရဲ့ ရာသီကြိုပြင်ဆင်မှုခရီးစဉ် ဖြစ်လာလိမ့်မယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဂျာမန်သားနည်းပြကြီးက ပြီးခဲ့တဲ့သောကြာနေ့မှာပဲ အခုဘောလုံးရာသီကုန်ချိန် အန်ဖီးလ်မှထွက်ခွာတော့မယ်လို့ တရားဝင်ကြေညာခဲ့ပါတယ်။

ဒီသုံးသင်းယှဉ်ပြိုင်ကြမယ့်ခြေစမ်းပွဲစဉ်တွေက ယမန်နှစ်နွေရာသီမှာ စတင်ကျင်းပပြီး ချဲလ်ဆီးဗိုလ်စွဲခဲ့တဲ့ ပရီးမီးယားလိဂ်နွေရာသီစီးရီးပွဲစဉ်တွေနဲ့တော့ မသက်ဆိုင်ပါဘူး။ ဒါ့အပြင် အမေရိကန်ပရိသတ်တွေက သူတို့ရဲ့မြေပေါ်မှာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့ပွဲစဉ်ကို ကြည့်ရှုခွင့်ရရှိဖို့ စိတ်လှုပ်ရှားနေဖွယ်ရှိပြီး ဒီလိုအခွင့်အရေးမျိုးကို နောက်လာမယ့်နှစ်အနည်းငယ်အထိ သူတို့တွေ ပြန်လည်ရရှိလာဖွယ် မရှိပါဘူး။

အသစ်မွမ်းမံပြင်ဆင်ထားတဲ့ ၂၀၂၅ ခုနှစ်ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ၂၀၂၆ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲတို့ကို အမေရိကန်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမှာဖြစ်လို့ ကလပ်အသင်းတွေဟာ လာမယ့်နွေရာသီမှာ အမေရိကန်ဈေးကွက်ကို ပစ်မှတ်ထားထိုးဖောက်ဖို့ ပြင်ဆင်နေပါတယ်။ ချဲလ်ဆီးနဲ့ မန်စီးတီးတို့ကတော့ ပြိုင်ပွဲဝင်ကလပ်အသင်း ၃၂ သင်းပါ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိထားပြီး အာဆင်နယ်ကလည်း အခုဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဆုဖလားကြီးကို ဆွတ်ခူးနိုင်မယ်ဆိုရင် သူတို့တွေနဲ့အတူ ဝင်ခွင့်ရရှိသွားပါလိမ့်မယ်။

လက်ရှိမှာတော့ ဘောလုံးပရိသတ်တွေအားလုံးက ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံပြေးလမ်းအပေါ်မှာ အာရုံကျနေပါလိမ့်မယ်။ လတ်တလောမှာ လီဗာပူးက မန်စီးတီး၊ အာဆင်နယ်နဲ့ အက်စတွန်ဗီလာတို့ကို ငါးမှတ်ဖြတ်ပြီး ရှေ့ဆုံးမှ ဦးဆောင်နေပါတယ်။

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #အာဆင်နယ် #ခြေစမ်းပွဲ