ရှေ့သို့
Image

မက်ဆီရဲ့ရှေ့မှာ ရော်နယ်ဒိုရဲ့ပုံစံအတိုင်း အောင်ပွဲခံခဲ့တဲ့ အယ်လ်ဟီလယ်တိုက်စစ်မှူး

11:22 AM, 30 January

အယ်လ်ဟီလယ်တိုက်စစ်မှူ မိုက်ကယ်ဟာ အင်တာမီယာမီနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ဂိုးသွင်းယူပြီးနောက် လီယွန်နယ်မက်ဆီရဲ့အရှေ့မှာ သူ့ရဲ့မဟာပြိုင်ဘက် ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ပုံစံကိုအတုခိုးပြီး အောင်ပွဲခံခဲ့ပါတယ်။

ယခု ဆော်ဒီအာရေဗျကလပ် အယ်လ်ဟီလယ်နဲ့ မက်ဆီရဲ့အင်တာမီယာမီတို့ယှဉ်ပြိုင်ခဲ့တဲ့ ချစ်ကြည်ရေးပွဲစဉ်ကို ဆော်ဒီအာရေဗျနိုင်ငံ ရီယက်ဒ်ရှိ ကင်ဒန်အာရီနာ အားကစားကွင်းမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ အင်တာမီယာမီက မက်ဆီ၊ လူးဝစ်ဆွာရက်ဇ်၊ ဂျော်ဒီအယ်လ်ဘာနဲ့ ဘက်စ်ကွက်စ်တို့ကို ထည့်သွင်းအသုံးပြုခဲ့သော်လည်း နိုင်ပွဲရရှိဖို့တော့ မလုံလောက်ခဲ့ပါဘူး။

နောက်လမှာတော့ အင်တာမီယာမီဟာ မေဂျာလိဂ်ပွဲစဉ်တွေကို ပြန်လည်စတင်သွားတော့မှာဖြစ်ပါတယ်။ လူစုံထုတ်ကစားခဲ့တဲ့ အင်တာမီယာမီဟာ ပထမပိုင်းမှာပဲ ၃ ဂိုးအထိခွင့်ပြုခဲ့ရပြီး ချေပဂိုးတစ်ဂိုးကိုတော့ ဆွာရက်ဇ်က ပြန်လည်သွင်းယူပေးခဲ့တာကြောင့် ပထမပိုင်းမှာတော့ ၃-၁ နဲ့အရေးနိမ့်နေခဲ့ပါတယ်။

အယ်လ်ဟီလယ်ရဲ့ ၃ ဂိုးမြောက် သွင်းဂိုးကိုတော့ မိုက်ကယ်က သွင်းယူပေးခဲ့ပြီး ရော်နယ်ဒိုရဲ့ပုံစံအတိုင်း အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းစလို့ ၁၀ မိနစ် အကြာမှာတော့ အင်တာမီယာမီက ချေပဂိုး ၂ ဂိုးဆက်တိုက် ရရှိခဲ့ပြီး မက်ဆီနဲ့ ရူရစ်ဇ်တို့က သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။

ထို့နောက်မှာ အိမ်ရှင်အယ်လ်ဟီလယ်က ပွဲပြီးကာနီး ၈၈ မိနစ်မှာ အနိုင်ဂိုးရရှိခဲ့ပြီး အင်တာမီယာမီက ဂိုးထပ်မံသွင်းယူနိုင်ခြင်းမရှိတော့တာကြောင့် ၄-၃ နဲ့ပွဲပြီးဆုံးခဲ့ပါတယ်။  ဘော်လွန်းဒီအော် ၈ ကြိမ်ရရှိထားတဲ့ မက်ဆီကို ပြီးခဲ့တဲ့နွေရာသီတုန်းက အယ်လ်ဟီလယ်အသင်းဟာ ၂ နှစ်လုပ်ခ ယူရို ၁.၅ ဘီလီယံရှိစာချုပ်နဲ့ ကမ်းလှမ်းမှုပြုလုပ်ခဲ့ဖူးပါတယ်။ သို့သော် အာဂျင်တီးနားသားက အင်တာမီယာမီကိုသာ ရွေးချယ်ခဲ့ပြီးနောက်ပိုင်းမှာတော့ ဘာကြောင့် ဆော်ဒီကလပ်ကို ငြင်းဆန်ခဲ့လဲဆိုတာ ရှင်းပြခဲ့ပါတယ်။

ဖလော်ရီဒါအခြေစိုက်ကလပ် မီယာမီကို ပြောင်းရွှေ့ကာနီးမှာ မက်ဆီက “ကျွန်တော် မီယာမီကိုသွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် ၁၀၀ ရာခိုင်နှုန်းတော့ မပြီးစီးသေးပါဘူး။ ကျွန်တော့်မှာ ပျောက်ဆုံးနေတဲ့အရာအချို့ရှိနေပေမယ့် ရှေ့ဆက်သွားရပါမယ်။ ကျွန်တော် ဘာစီလိုနာကိုသွားဖို့က အလုပ်မဖြစ်ဘူးဆိုရင် ဥရောပကို စွန့်ခွာသွားမှာပါ။ မိသားစုအတွက်စဉ်းစားရမှာတွေလည်းရှိပါသေးတယ်” လို့ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ အင်တာမီယာမီဟာ ရီယက်ဒ်ရာသီဖလားလို့ သတ်မှတ်ထားတဲ့ ပြိုင်ပွဲအတွက် ဆော်ဒီအာရေဗျကိုရောက်ရှိနေတာဖြစ်ပါတယ်။ လာမယ့် ကြာသပတေးနေ့မှာတော့ မက်ဆီရဲ့အင်တာမီယာမီဟာ ရော်နယ်ဒိုရဲ့အယ်လ်နာဆာနဲ့ ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပါတယ်။

#ရော်နယ်ဒို #မက်ဆီ #အင်တာမီယာမီ #ခြေစမ်းပွဲ #မိုက်ကယ်ဟာ