ရှေ့သို့
Image

ဆီနီဂေါကို ကျော်ဖြတ်ပြီး အာဖရိကဖလား ကွာတားဖိုင်နယ်ကိုတက်ရောက်သွားတဲ့ အိမ်ရှင်အိုင်ဗရီကို့စ်

9:43 AM, 30 January

ယနေ့နံနက်မှာ ဆီနီဂေါအသင်းဟာ အိုင်ဗရီကို့စ်ကို ပင်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ခဲ့တာကြောင့် အာဖရိကဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ ဆီနီဂေါက ဦးဆောင်ဂိုးကို စောစောစီးစီးရရှိခဲ့တာဖြစ်ပြီး ပွဲအစ ၄ မိနစ်မှာပဲ ဆာဒီယိုမာနေးရဲ့ဖြတ်တင်ပေးပို့မှုမှတစ်ဆင့် တိုက်စစ်မှူး ဒီယာလိုက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အိုင်ဗရီကို့စ်ဘက်က ပထမပိုင်းအတွင်းမှာ အခွင့်အရေးတွေရရှိခဲ့သော်လည်း ဆီနီဂေါဂိုးသမား မန်ဒီရဲ့ လက်စွမ်းပြကာကွယ်မှုတွေကြောင့် ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်း မရှိပါဘူး။ သို့သော်လည်း ပွဲပြီးဖို့ ၅ မိနစ်အလိုမှာတော့ မန်ဒီက အိုင်ဗရီကို့စတိုက်စစ်မှူး နီကိုးလက်စ်ပေပေကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဆီနီဂေါအသင်း ပင်နယ်တီ ပြစ်ဒဏ်ဘောခွင့်ပြုခဲ့ရပြီး ကက်ဆီက ချေပဂိုးအဖြစ် အမှားအယွင်းမရှိ ကန်သွင်းခဲ့တာဖြစ်ပါတယ်။

ထို့နောက် ပွဲကစားချိန်မိနစ် ၉၀ အတွင်းမှာ ၁-၁ နဲ့သရေ ရလဒ်ထွက်ပေါ်နေခဲ့တာကြောင့် အချိန်ပိုဆက်လက်ကစားခဲ့ရာ နှစ်သင်းစလုံး ဂိုးသွင်းနိုင်ခဲ့ခြင်းမရှိပါဘူး။ ထို့နောက် ပင်နယ်တီအဆုံးအဖြတ်မှာတော့ အိုင်ဗရီကို့စ်က အသာရခဲ့ပြီး ၅-၄ နဲ့ အနိုင်ရရှိကာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့တာဖြစ်ပါတယ်။

၁၆ သင်းအဆင့် အခြားပွဲစဉ်မှာတော့ ကိပ်ဗာဒီက မော်ရီတေးနီးယားကို နောက်ကျအနိုင်ဂိုးနဲ့အတူ ၁-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပထမပိုင်းနဲ့ ဒုတိယပိုင်း ပွဲပြီးကာနီးလောက်အထိ နှစ်သင်းစလုံး အပြန်အလှန်ထိုးဖောက်မှုတွေပြုလုပ်ခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပါဘူး။

သို့သော်လည်း ပွဲပြီးကာနီးမှာတော့ မော်ရီတေးနီးယားဂိုးသမား ဘာဘာကာနီယက်ဆီက ဗာရီလာကို ဖြတ်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် ကိပ်ဗာဒီကပင်နယ်တီရရှိခဲ့ပါတယ်။ ပွဲကစားချိန် ၈၈ မိနစ်မှာ ရရှိလာတဲ့ အဆိုပါပင်နယ်တီကို မန်ဒက်စ်က အမှားအယွင်းမရှိ ကန်သွင်းပြီးနောက် ကျန်တဲ့ပွဲကစားချိန်မှာ ကိပ်ဗာဒီက အနိုင်ရလဒ်ကိုထိန်းသိမ်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ယခုနိုင်ပွဲကြောင့် ကိပ်ဗာဒီဟာ ၂၀၁၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အာဖရိကဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

#အာဖရိကဖလား #ဆီနီဂေါ #အိုင်ဗရီကို့စ်