ရှေ့သို့
Image

ကွန်ဂိုကို ပင်နယ်တီမှာရှုံးနိမ့်ပြီး အာဖရိကဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ အီဂျစ်

9:36 AM, 29 January

ယနေ့နံနက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဖရိကဖလား ၁၆ သင်း အဆင့်ပွဲစဉ်မှာ နာမည်ကြီးအီဂျစ်အသင်းဟာ ကွန်ဂိုကို ပင်နယ်တီမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲကနေထွက်ခွာခဲ့ရပါတယ်။

အုပ်စုအဆင့်ပွဲစဉ် ၃ ပွဲစလုံးကို သရေကျပြီး ၁၆ သင်အဆင့်ကို အသီးသီးတက်ရောက်လာကြတဲ့ နှစ်သင်းစလုံးဟာ ယခုပွဲစဉ်မှာလည်း အရှုံးအနိုင်မပေါ်ဘဲ မိနစ် ၁၂၀ အထိ ထပ်မံသရေကျခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူဖို့လိုအပ်ခဲ့ကြတာဖြစ်ပါတယ်။

ပွဲအစပိုင်းမိနစ်တွေမှာ ကွန်ဂိုက တစ်ကွင်းလုံးကို လွှမ်းမိုးထားနိုင်ခဲ့ပြီး ၃၇ မိနစ်မှာပဲ ဦးဆောင်ဂိုး ရရှိခဲ့တာဖြစ်ပါတယ်။ ကွန်ဂိုအတွက် ဦးဆောင်ဂိုးကို ဝစ်ဆာရဲ့ဖြတ်တင်ဘောမှတစ်ဆင့် အယ်လီယာက ခေါင်းတိုက်သွင်ယူပေးခဲ့တာ ဖြစ်ပါတယ်။

သို့သော်လည်း ပထမပိုင်းမှာပဲ အီဂျစ်က ချေပဂိုးပြန်လည်ရရှိခဲ့ပြီး ၄၅+၁ မိနစ်မှာ ပင်နယ်တီမှတစ်ဆင့် မိုဟာမက်က အမှားအယွင်းမရှိကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ထို့နောက် ဒုတိယပိုင်းမှာတော့ ၂ သင်းစလုံး ဂိုးသွင်းနိုင်ခဲ့ခြင်းမရှိတာကြောင့် အချိန်ပိုကို ဆက်လက်ကစားခဲ့သော်လည်း ရလဒ်ကပြောင်းလဲခဲ့ခြင်းမရှိပါဘူး။

ပင်နယ်တီအဆုံးအဖြတ်မှာတော့ နောက်တစ်ဆင့်ကို ဘယ်အသင်းကတက်ရမလဲဆိုတာ အဖြေပေါ်လာခဲ့ပြီး ကွန်ဂိုက ၇-၈ ဆိုတဲ့ ပင်နယ်တီရလဒ်နဲ့ အတူ အနိုင်ရလဒ်ကိုပုံဖော်နိုင်ခဲ့တာဖြစ်ပါတယ်။  ၁၆ သင်းအဆင့်ရဲ့ အခြားပွဲစဉ်မှာတော့ ဂီနီက အုပ်စုအဆင့်မှာ ဂိုးသွင်းအများဆုံးဖြစ်ခဲ့တဲ့ အီကွာတိုရီရယ်ဂီနီကို နောက်ကျဂိုးနဲ့အတူ ၀-၁ နဲ့အနိုင်ရပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာ ၂ သင်းစလုံးဟာ သူတင်ကိုယ်တင် အပြန်အလှန်ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့ကြသော်လည်း ဒုတိယပိုင်း ၅၅ မိနစ်မှာတော့ အီကွာတိုရီရယ်ဂီနီက ကွင်းလယ်လူ ဘီခိုရို အနီကတ်ပြထုတ်ပယ်ခံခဲ့ရတာကြောင့် ကျန်တဲ့ ပွဲကစားချိန်တွေကို ကစားသမား ၁၀ ယောက်တည်းနဲ့ ကစားခဲ့ရတာဖြစ်ပါတယ်။ သို့သော်လည်း ဂီနီအတွက် ကွာတားဖိုင်နယ်ကို တက်ရောက်စေမယ့် ၁ လုံးတည်းသော အနိုင်ဂိုးကို ၉၀+၈ မိနစ်မှ ရရှိခဲ့ပြီး ဘာယိုက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

#အာဖရိကဖလား #အီဂျစ် #ကွန်ဂို