ရှေ့သို့
Image

ကလော့ပ်ရဲ့ ထွက်ခွာခြင်းက လီဗာပူးကို ပိုပြီးအားတက်စေပါလိမ့်မယ်လို့ ပြောကြားလိုက်တဲ့ ဗန်ဒိုက်

4:06 PM, 28 January

လီဗာပူးအသင်းခေါင်းဆောင် ဗန်ဒိုက်က ကလော့ပ်ရဲ့အန်ဖီးလ်မှ ထွက်ခွာရန် ခဲယဉ်းမယ်လို့ ဝန်ခံခဲ့သော်လည်း ဂျာမန်သားရဲ့ ထွက်ခွာမှုက ဆုဖလား ၄ လုံးရရှိဖို့ တွန်းအားပေးလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ အန်ဖီးလ်မှာ ၉ နှစ်နီးပါးကြာအောင် ရှိခဲ့ပြီးနောက် လီဗာပူးကို ချန်ပီယံလိဂ်ဖလား နဲ့ ပရီးမီးယားလိဂ်ဖလားတို့ ရယူပေးခဲ့တဲ့ ကလော့ပ်ဟာ ရာသီကုန်မှာ နည်းပြရာထူးမှ နုတ်ထွက်တော့မှာ ဖြစ်ပါတယ်။


ဂျာမန်သားဟာ သောကြာမနက်က ပရိသတ်တွေကို အံ့အားသင့်စေမယ့် သတင်းကို ကြေငြာခဲ့ပြီး ၂၀၂၆ ခုနှစ်ထက် ၂ နှစ်စောပြီး လာမယ့်နွေရာသီမှာ အသင်းကနေထွက်ခွာတော့မှာဖြစ်ကာ အင်္ဂလန်မှာ အခြားကလပ်တစ်ခုကိုလည်း ကိုင်တွယ်မှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။


ကလော့ပ်ဟာ နိုဝင်ဘာလတုန်းက ရာထူးမှနုတ်ထွက်မည့်အကြောင်းကို လီဗာပူးအသင်းပိုင်ရှင်များကို ပြောကြားခဲ့သော်လည်း သူ့ရဲ့ကစားသမားတွေကတော့ အခြားသူများနှင့်အတူ သောကြာနေ့ကထွက်ပေါ်ခဲ့တဲ့ သတင်းတွေကိုသာ သိရှိခဲ့ကြပြီး ဟန်ဒါဆန် ထွက်ခွာပြီးနောက် ပြီးခဲ့တဲ့နွေရာသီက ကလော့ပ်ရဲ့ အသင်းခေါင်းဆောင်အဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရတဲ့ ဗန်ဒိုက်က သူ့ရဲ့ထင်မြင်ချက်ကို ပြောကြားလိုက်ပါတယ်။


"နည်းပြက ကျွန်တော်တို့အတွက်ရော၊ ကျွန်တော့်အတွက်၊ ကလပ်အတွက်၊ ပရီးမီးယားလိဂ်တစ်ခုလုံးအတွက် အရမ်းအဓိပ္ပာယ်ရှိလို့ ထင်ပါတယ်" "ဒါပေမယ့် သူနဲ့ သူ့မိသားစုအတွက် ဆုံးဖြတ်ချက်ချခဲ့တာပါ။ အမြဲတမ်း ခက်ခဲတဲ့ ကိစ္စတစ်ခု ဖြစ်လာမှာ သေချာပါတယ်။ သူက ကျွန်တော်တို့နဲ့ သီးသန့်ပြောခဲ့ပြီး ကျွန်တော်တို့အားလုံး အတူတူရှိနေခဲ့ကြပါတယ်"


"ကျွန်တော်ပြောခဲ့သလိုပါပဲ ဒီလိုလုပ်ဖို့ဆိုတာက ခက်ခဲပေမယ့် ကျွန်တော်တို့ရဲ့ အတွေးအမြင်က အသင်းအတွက်ကို အာရုံစိုက်ဖို့ပါ။ ကျွန်တော်တို့မှာ ဒီနှစ်တွင် အောင်မြင်ဖို့ ရည်မှန်းချက်တွေ အများကြီးရှိနေသေးပြီး ရာသီကို အမြင့်ဆုံးနဲ့ ဘာကြောင့်အဆုံးမသတ်နိုင်ရမလဲ၊ နောက်ပြီး နည်းပြတဲ့အတူ တွဲပြီး အောင်ပွဲမခံနိုင်ရမှလဲ" လို့ နယ်သာလန်လက်ရွေးစင်က ပြောကြားခဲ့ပါတယ်။


လီဗာပူးဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်တွင် ၅ မှတ်အသာဖြင့် ဦးဆောင်နေပြီး ဖေဖော်ဝါရီ ၂၅ ရက်တွင် EFL ဖလားဗိုလ်လုပွဲတွင် ချဲလ်ဆီးနှင့် ယှဉ်ပြိုင်ရမှာဖြစ်ကာ ဆုဖလား ၄ လုံးရရှိဖို့ ကြိုးစားနေချိန်တွင် ကလော့ပ်ရဲ့ မထင်မှတ်ထားတဲ့ သတင်းပေါ်ထွက်လာတာဖြစ်ပါတယ်။


ထို့အပြင် ကလော့ပ်ရဲ့အသင်းဟာ အုပ်စုဗိုလ်အဖြစ် ယူရိုပါလိဂ်၁၆ သင်းအဆင့်သို့ တက်လှမ်းနိုင်ကာ တနင်္ဂနွေနေ့တွင် နောဝှစ်ချ်စီးတီးနှင့် အန်ဖီးလ်တွင် တွေ့ဆုံရမယ့် အက်ဖ်အေဖလားပွဲမှာလည်း ပဉ္စမအဆင့်သို့ တက်လှမ်းနိုင်မယ်လို့ မျှော်လင့်ရပါတယ်။


နည်းပြရဲ့ နုတ်ထွက်ရခြင်းအကြောင်းအရင်းကို ပြောကြားရာတွင် စောစီးစွာ ချီးကျူးဂုဏ်ပြုခြင်း မပြုဘဲ ပုံမှန်အတိုင်းသာ ရိုးရိုးရှင်းရှင်းသွားလိုကြောင်း ဗန်ဒိုက်က ပြောကြားထားပါတယ်။ နည်းပြရဲ့ထွက်ခွာမှုက လက်ရှိရာသီကို အမြင့်ဆုံးဖြင့် အဆုံးသတ်နိုင်ဖို့ တွန်အားတစ်ရပ်ဖြစ်တယ်လို့ ဗန်ဒိုက်က ယုံကြည်နေပါတယ်။


"ဒါက ကြီးကျယ်ခမ်းနားပြီး ဘောလုံးလောကရဲ့ သတင်းကြီးတစ်ခုပါ။ ကျွန်တော်တို့အတွက်၊ ဒါဟာ အရမ်းကြီးတဲ့ နေ့တစ်နေ့လည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ ကျွန်တော်တို့မှာ ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိနေပြီး နည်းပြကလည်း သေချာပေါက် အလေးပေးလုပ်ဆောင်နေပါတယ်"


"ကျွန်တော်တို့အတွက်ရော ကျွန်တော့်အတွက်ရော ကျန်နေတဲ့ ကစားသမားတွေကိုလည်း ဒီလိုပဲ တွေးစေချင်ပါတယ်။ ကျွန်တော်တို့ အားလုံးက အရမ်းလိုချင်နေကြပြီး ရာသီကြိုကတည်းက ဒီစိတ်က ရှိပြီးသားပါ။ မပြောင်းလဲပါဘူး"


"အသင်းမှာရှိခဲ့တဲ့အချိန်အတွင်း နည်းပြကလည်း အကောင်းဆုံးလုပ်ပေးခဲ့သလို သူ့ရဲ့နောက်ဆုံးရာသီမှာ ကျွန်တော်တို့အတွက်ပိုပြီးကြိုးစားဖို့အတွက် တွန်အားတစ်ရပ်တည်းဖြစ်စေပါတယ်။ အဲ့ဒီအတွက်လည်း ကျွန်တော်တို့က ကြိုးစားနေသလို ပုံမှန်လုပ်ဆောင်ရမှာလည်းဖြစ်ပါတယ်" လို့ ဗန်ဒိုက်က ပြောကြားခဲ့ပါတယ်။


ကလော့ပ်ဟာ ၂၀၁၁၅ ခုနှင်တွင် ရော်ဂျာရဲ့လက်ကနေ လီဗာပူးကိုလွှဲပြောင်းရယူပြီးကတည်းက ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလား၊ အက်ဖ်အေဖလား၊ EFL ဖလား၊ ကလပ်ကမ္ဘာ့ဖလား၊ ယူအီးအက်ဖ်အေစူပါဖလား နှင့် ကွန်မြူနတီဒိုင်းတို့ကို ရယူပေးခဲ့ပါတယ်။


တနင်္ဂနွေနေ့ နောဝစ်ခ်ျနှင့်ကစားမယ့်ပွဲဟာ လီဗာပူးကို ကလော့ပ်ရဲ့ ၄၆၇ ကြိမ်မြောက် ကိုင်တွယ်ခြင်းဖြစ်ပြီး အသက် ၅၆ နှစ်အရွယ်နည်းပြရဲ့ နိုင်ပွဲရယူမှုနှုန်းက ၆၀.၇ % ဖြစ်ကာ အခြားသောနည်းပြများထက် သာလွန်နေတာလည်းဖြစ်ပါတယ်။

#လီဗာပူး #ဗန်ဒိုက် #ပရီးမီးယားလိဂ်