ရှေ့သို့
Image

ဆော်ဒီပရိုလိဂ်ဟာ ကမ္ဘာ့အကောင်းဆုံးလိဂ်ပြိုင်ပွဲတစ်ခုဖြစ်လာနိုင်တယ်လို့ ထုတ်ပြောလာတဲ့ လူကာကူ

12:30 PM, 26 January

ရိုးမားဆီ အငှားဖြင့် ရောက်ရှိနေတဲ့ လူကာကူက ဆော်ဒီပရိုလိဂ်ဟာ ကမ္ဘာ့အကောင်းဆုံး လိဂ်ပြိုင်ပွဲတစ်ခု ဖြစ်လာနိုင်တယ်လို့ ပြောဆိုရင်း အနာဂတ်မှာ ပင်လယ်ကွေ့ဒေသဆီ သူပြောင်းရွှေ့သွားနိုင်ကြောင်း အရိပ်အမြွက်ဖွင့်ဟလိုက်ပါတယ်။

လက်ရှိအချိန်အထိ ရိုးမားအတွက် ၂၆ ပွဲ ကစား၊ ၁၅ ဂိုးအထိ သွင်းယူပေးထားတဲ့ ဘယ်လ်ဂျီယံလက်ရွေးစင်ကို ဆော်ဒီလိဂ်ဆီခေါ်ယူမယ့် လှုပ်ရှားမှုတစ်ခုလည်း ရှိခဲ့ဖူးပါတယ်။ ချဲလ်ဆီးအပယ်ခံ အသက်-၃၀ နှစ်အရွယ်တိုက်စစ်မှူးက ဆော်ဒီပရိုလိဂ်ဆီပြောင်းရွှေ့နိုင်ရေးဆွေးနွေးဖို့ တံခါးတွေ ဖွင့်လှစ်ထားပြီး အနာဂတ်ကာလမှာ အရှေ့အလယ်ပိုင်းဒေသဆီ ရောက်ရှိသွားနိုင်တယ်လို့လည်း ရှင်းပြခဲ့ပါတယ်။

ဆော်ဒီကလပ် အယ်လ်ရှာဘတ်နဲ့ ခြေစမ်းပွဲစဉ်အတွင်း အနိုင်ဂိုး သွင်းယူပေးပြီးနောက် လူကာကူက “လာမယ့်နှစ်နှစ်လောက်အတွင်းမှာ ဆော်ဒီလိဂ်ပြိုင်ပွဲက ကမ္ဘာ့အကောင်းဆုံးလိဂ်မဖြစ်လာသည့်တိုင် ကမ္ဘာ့အကောင်းဆုံး လိဂ်ပြိုင်တွေအနက် တစ်ခုဖြစ်လာမယ်လို့ ကျွန်တော်ရှုမြင်မိပါတယ်။ ဆော်ဒီပြည်တွင်းကလပ်အသင်းတွေကလည်း ကစားသမားကောင်းတွေကို ဒီပြိုင်ပွဲဆီ ခေါ်ယူဖို့ အပြိုင်အဆိုင်ကြိုးပမ်းကြပါတယ်။ ရလဒ်အဖြစ် အသင်းတွေနဲ့ ဘောလုံးအရည်အသွေးပိုင်းတွေက သိသိသာသာတိုးတက်လာပါတယ်”လို့ ပြောပါတယ်။

ပရိသတ်တွေအနေဖြင့် မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်းကို ဆော်ဒီမြေမှာ နောက်တစ်ကြိမ်ပြန်မြင်တွေ့ရဖို့ မျှော်လင့်နိုင်မလားဆိုတဲ့ မေးခွန်းကို လူကာကူက မျက်စိတစ်ဖက်မှိတ်ပြပြီး “သေချာသလောက်ပါပဲ”လို့ ပြန်ဖြေခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်၊ အင်တာမီလန်မှ ချဲလ်ဆီးဆီ ပေါင် ၉၇ ဒဿမ ၅ သန်းဖြင့် ရောက်ရှိလာပြီးနောက် လူကာကူရဲ့ အစီအစဉ်တွေက ပုံပန်းတကျဖြစ်မလာခဲ့ပါဘူး။

သူ့ရဲ့စွမ်းဆောင်ရည်ပိုင်းက စတမ်းဖို့ဒ်ဘရစ်ချ်မှာ အထင်ကြီးစရာမဖြစ်ခဲ့ဘဲ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အင်တာမီလန်ဆီ အငှားထွက်ကစားခဲ့ပါတယ်။ ဒီတစ်ကြိမ်အင်တာမီလန် အငှားကစားသမားဘဝဟာ ယခင်ကာလလောက် အောင်မြင်မှုမရရှိခဲ့ပါဘူး။

အနောက်လန်ဒန်ကလပ်အသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းရှိထားတဲ့ အဲဗာတန်တိုက်စစ်မှူးဟောင်းက ဆော်ဒီကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်မယ်ဆိုရင် ဒါက ထိပ်တန်းလိဂ်တွေမှာ ကျင်လည်နေတဲ့ သူ့ရဲ့ကစားသမားဘ၀ အဆုံးသတ်ပြီဆိုတဲ့ အချက်ပေးမှုတစ်ခု ဖြစ်လာပါလိမ့်မယ်။

လက်ရှိမှာ လူကာကူက ရိုးမားအသင်းဆီ တစ်ရာသီအငှားစာချုပ်ဖြင့် ရောက်ရှိနေတာဖြစ်လို့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွင်း ဆော်ဒီပရိုလိဂ်ဆီ ပြောင်းရွှေ့ဖို့ဆိုတာ ဖြစ်နိုင်ချေမရှိပါဘူး။ ဒါပေမယ့် ချဲလ်ဆီးအသင်းကလည်း ဘဏ္ဍာရေးမျှခြေစည်းမျဉ်းတွေကို လိုက်နာထိန်းညှိဖို့ ကြိုးပမ်းနေရလို့ လာမယ့်နွေရာသီကာလမှာတော့ လူကာကူရဲ့အပြောင်းအရွှေ့က တရားဝင်ပေါ်ပေါက်လာနိုင်ပါတယ်။

#စီးရီးအေ #ရိုးမား #လူကာကူ