ရှေ့သို့
Image

ပွဲစဉ်ရဲ့အကောင်းဆုံး ကစားသမား ဒီယက်ဇ်ကို မကျေနပ်တဲ့အကြောင်း ဟာသလုပ်ပြောဆိုခဲ့တဲ့ ကလော့ပ်

4:23 PM, 25 January

ဒီနေ့မနက်ပိုင်း၊ ဖူလ်ဟမ်ကိုကျော်ဖြတ်ကာ ကာရာဘောင်ဖလားဖိုင်နယ်ဆီ ရောက်ရှိစေမယ့် သွင်းဂိုးကို ရယူပေးခဲ့ပြီးနောက် ပွဲစဉ်ရဲ့အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခံရတဲ့ ဒီယက်ဇ်ကို ယာဂန်ကလော့ပ်က ချီးကျူးဂုဏ်ပြုခဲ့ပေမယ့် ဒီထက်ပိုပြီးလုပ်ပြသင့်တယ်လို့ အရွှမ်းဖောက်ခဲ့ပါတယ်။

ကရာဗန်ကော့တေ့ချ်ကွင်းမှာကစားရတဲ့ပွဲစဉ်ရဲ့ ပွဲချိန်အစောပိုင်းမှာပဲ ဒီယက်ဇ်က ပြိုင်ဘက်ခံစစ်ကို ထိုးဖောက်ကာ ဖူလ်ဟမ်ဂိုးသမား လီနိုပိတ်ဆို့ထားတဲ့ ဂိုးပေါက်ဆီ ဘောလုံးကို အပြင်းကန်သွင်းပြီး လီဗာပူးရဲ့ဝင်ဘာလေခရီးစဉ်အတွက် လက်မှတ်ဖြတ်ပေးခဲ့ပါတယ်။ အခုရာသီအစောပိုင်းဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပြီးနောက် လတ်တလော သီတင်းပတ်တွေမှာ တောင်ပံကစားသမားတစ်ဦးရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ပြန်လည်မြင်တွေ့ရလာပါပြီ။

ရုတ်တရက်ဆိုသလိုပဲ ဒီယက်ဇ်က ဒီနေ့မနက်ပိုင်းပွဲစဉ်မှာ သူ့ရဲ့ပုံစံကောင်းကို ဆက်လက်ပြသခဲ့ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို သိမ်းပိုက်သွားခဲ့ပါတယ်။ ဒါပေမယ့် ယာဂန်ကလော့ပ်ကတော့ ကိုလံဘီယာတိုက်စစ်မှူးကို ချီးကျူးဂုဏ်ပြုပေးခဲ့ပေမယ့် ဒီထက်ပိုပြီး လုပ်ပြသင့်တယ်လို့ ဟာသနှောပြောဆိုသွားပါတယ်။

Sky Sports နဲ့တွေ့ဆုံချိန် ကလော့ပ်က “ ဒီယက်ဇ်က Man of the Match ဆိုတာ သေချာပါတယ်။ Man of the Match ဆိုတာ နှစ်ဂိုးလောက်သွင်းယူပြီး ဂိုးဖန်တီးမှုတစ်ကြိမ်တော့ လုပ်ပေးရမယ်ဆိုတာ ကျွန်တော် သူ့ကို ပြောပြပြီးသားပါ။ ဒီလိုလုပ်နိုင်ရင်တော့ ကျွန်တော်တို့ရဲ့ခရီးစဉ်က လုံးဝပြီးပြည့်စုံသွားပြီ။ ဒါပေမယ့် အသင်းသားတွေအားလုံးက အရမ်းကြိုးစားခဲ့ကြသလို ထူးထူးခြားခြားစွမ်းဆောင်ပြခဲ့ပါတယ်။ ဒီလိုညမျိုးမှာ အရမ်းကောင်းနေအောင်၊ အရမ်းတောက်ပနေအောင် ကစားရမှာမဟုတ်ဘူး။ ဒါက ဗိုလ်လုပွဲရောက်ရှိဖို့အတွက်ပဲ စဉ်းစားရမယ့် ညမျိုးပါ”လို့ ဆိုပါတယ်။

ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာလည်း ကလော့ပ်ဆီ ဒီယက်ဇ်နဲ့ပတ်သက်လို့ ထပ်မံမေးမြန်းလာချိန်မှာ ဂျာမန်သားနည်းပြကြီးက ကိုလံဘီယာသားအတွက် ချီးကျူးထောပနာတွေ ပိုမိုလုပ်ဆောင်သွားခဲ့ပါတယ်။

ဒီယက်ဇ်ရဲ့စွမ်းဆောင်ရည်ပိုင်းနဲ့ ပတ်သက်လို့ ကလော့ပ်က“အရမ်းကောင်းပါတယ်။ ရိုးရိုးသားသားပြောရရင် ဒီယက်ဇ်က လုံးဝကိုထူးချွန်တဲ့ကစားသမား တစ်ဦးဖြစ်ပါတယ်။ ဝေဖန်စရာလုံးဝမရှိပေမယ့် ဂိုးတွေများထပ်ယူပေးဦးမလားလို့ ကျွန်တော်ဆုတောင်းနေခဲ့မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ပထမပိုင်းပွဲချိန်အတွင်း သူဂိုးသွင်းယူခဲ့တဲ့ပုံစံမျိုးနဲ့ တူညီတဲ့ အံ့အားသင့်လောက်စရာအခြေအနေတစ်ခု ထပ်ရှိနေခဲ့လို့ပါ။ ဒါပေမယ့် ပွဲကစားချိန်အတွင်းမှာတော့ တော်တော်ကောင်းတဲ့ကောင်လေးပါ။ ဒီယက်ဇ်လုပ်ပြနိုင်တဲ့ ပါဝါ၊ မြန်နှုန်း၊ နည်းစနစ်နဲ့ ပေါင်းစပ်မှုတွေ အကုန်လုံးက လုံးဝလက်ဖျားခါလောက်စရာပါ။ ကျွန်တော် အရမ်းပျော်ရွှင်ရပါတယ်။ ဒါပေမယ့် အရိုးသားဆုံးပြောရရင် ဒီနေ့ ဒါဝင်နူနက်ဇ်ရဲ့စွမ်းဆောင်ရည်ပိုင်းကိုလည်း အရမ်းကြိုက်ပါတယ်။ အဆုံးသတ်ရမယ့်အခြေအနေမျိုးတွေမှာ ဒါဝင်နူနက်ဇ် ရှိမနေတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူ့ရဲ့တိုက်စစ်ကို ခုခံဖို့ကတော့ အိပ်မက်ဆိုး တစ်ခုလိုပါပဲ။ အရိုးသားဆုံးပြောတာပါ။ သူက နေရာတိုင်းမှာ ရှိနေပြန်ပါတယ်”လို့ ပြောပါတယ်။

#လီဗာပူး #ကလော့ပ် #ဒီယက်ဇ် #ကာရာဘောင်ဖလား