ရှေ့သို့
Image

အသင်းက သွားခွင့်မပြုတာကြောင့် မင်္ဂလာပွဲထံသို့ အစ်ကိုဖြစ်သူကို ကိုယ်စားစေလွှတ်ခဲ့တဲ့ ကစားသမား

3:16 PM, 25 January

ဒိန်းမတ်ကလပ်တစ်ခုမှာ ကစားနေတဲ့ တိုက်စစ်ကစားသမားတစ်ဦးဟာ အသင်းရဲ့ ခွင့်ပြုချက်မရတာကြောင့် မင်္ဂလာပွဲကို သွားခွင့်မရခဲ့ဘဲ အစ်ကိုဖြစ်သူကို ကိုယ်စားစေလွှတ်ခဲ့ရပါတယ်။ တရုတ်စူပါလိဂ်ကလပ်တွေဖြစ်တဲ့ ဟီဘီချိုင်းနားဖော်ကျူးနဲ့ ဟီနန်ဆောင်းရှန်း အသင်းတွေမှာ ကစားခဲ့ပြီးနောက် မိုဟာမက်ဘူယာတူရေးဟာ ၂၀၂၂ နွေရာသီမှာ ဆွီဒင်ကလပ် မယ်လ်မိုအသင်းနဲ့ချိတ်ဆက်ခဲ့ပါတယ်။

သဘောတူညီချက်အရ တူရေးဟာ ဇူလိုင်လ ၂၂ ရက်နေ့မှာ အသင်းသစ်နဲ့စတင်ပူးပေါင်းသွားရမှာ ဖြစ်သော်လည်း သူ့ရဲ့မင်္ဂလာပွဲဟာ ဇူလိုင်လ ၂၁ ရက်နေ့ မွေးရပ်မြေ ဆီယာလီယွန်မှာ ကျင်းသွားရမှာဖြစ်ပါတယ်။ ဒါကြောင့် တစ်ယောက်တည်းနဲ့ နေရာနှစ်ခုမှာ ရှိမနေနိုင်တဲ့ တူရေးဟာ သူ့နဲ့စေ့စပ်ထားတဲ့ အမျိုးသမီးဆီသို့ အစ်ကိုဖြစ်သူကို စေလွှတ်ပြီး မင်္ဂလာပွဲ ကျင်းပစေခဲ့ရပါတယ်။

တူရေးဟာ မင်္ဂလာဆောင်နေ့မှာ သူ့နဲ့ဇနီးဖြစ်သူရဲ့ပုံတွေကို ဆိုရှယ်မီဒီယာမှတစ်ဆင့်ဝေမျှခဲ့သော်လည်း အဆိုပါဓာတ်ပုံတွေဟာ မင်္ဂလာပွဲ မတိုင်ခင်ကတည်းက ရိုက်ကူးထားတာဖြစ်တယ်လို့ နောက်ပိုင်းမှာ အတည်ပြုခဲ့ပါတယ်။

တူရေးက “ကျွန်တော်တို့ ဆီယာလီယွန်မှာ ဇူလိုင်လ ၂၁ ရက်နေ့က လက်ထပ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ကလပ်အသင်း မယ်လ်မိုက သူတို့နဲ့ချိတ်ဆက်ဖို့ အစောကတည်းကတောင်းဆိုထားတာကြောင့် အဲဒီမင်္ဂလာပွဲမှာ ကျွန်တော်မရှိခဲ့ပါဘူး။ ကြိုရိုက်ထားတဲ့ဓာတ်ပုံတွေကို တင်ခဲ့လို့ ကျွန်တော်ကအဲဒီမှာရှိခဲ့တယ်လို့ ထင်ရပေမယ့် ကျွန်တော့်ကိုယ်စား ကျွန်တော့်ရဲ့အစ်ကိုပဲရှိနေခဲ့တာပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့ဇနီးကို မယ်လ်မိုကို ခေါ်သွားဖို့ကြိုးစားနေပါတယ်။ သူမက ဆွီဒင်မှာ ကျွန်တော်နဲ့အတူတူနေမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

ယခင်အိမ်ထောင်နဲ့အတူ သမီးတစ်ယောက်ရရှိထားခဲ့တဲ့ တူရေးဟာ ရွှေဖိနပ်ဆုကို ဆွတ်ခူးရရှိပြီးနောက်မှာတော့ နိုင်ငံအသင်းအတွက် ပါဝင်ကစားပေးရင်း အောက်လမ်းပညာကြောင့် ဒဏ်ရာ ရရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးတာဖြစ်ပါတယ်။

တိုက်စစ်မှူးက “ကျွန်တော်တို့ရဲ့ ရိုးရာဆေးဆရာမ ပြောတာကတော့ တစ်စုံတစ်ယောက်က ကျွန်တော့်ရဲ့ဘောလုံးကစားသမားဘဝကို အဆုံးသတ်စေချင်လို့ နိုင်ငံအသင်းရဲ့လေ့ကျင့်ရေးကွင်းမှာ ဆင်ခြေထောက်ရောဂါဖြစ်စေတဲ့ အဆောင်ပစ္စည်းကို ချထားခဲ့ပြီး ကျွန်တော်က အဲဒါကိုနင်းမိခဲ့တယ်တဲ့” “ကျွန်တော့်အနေနဲ့ ဒဏ်ရာကို ဆေးကုသမှုခံယူဖို့ ဆေးရုံကိုသွားခဲ့ရင် ဒါမှမဟုတ် သမားရိုးကျဆေးပညာနဲ့ ကုသမှုခံယူခဲ့ရင် ကစားသမားဘဝကို အဆုံးသတ်လိုက်ရနိုင်တယ်လို့ ဆရာမကပြောပါတယ်”  လို့ဘီဘီစီသို့ပြောကြားခဲ့ပါတယ်။

တူရေးဟာ ဒိန်းမတ်ကလပ် OB နဲ့မချိတ်ဆက်ခင်မှာ နိုင်ငံအသင်းအတွက် ၁၆ ပွဲကစားပြီး ၂ ဂိုးသွင်းယူပေးထားပါတယ်။

#ဒိန်းမတ် #တူရေး