ရှေ့သို့
Image

အခုရာသီကုန်မှာ ချဲလ်ဆီးမှ ထွက်ခွာမယ်လို့ အရိပ်အမြွက်ထုတ်ပြောလာတဲ့ သီယာဂိုဆေးလ်ဗား

2:49 PM, 25 January

ဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗားက အခုဘောလုံးရာသီကုန်မှာ ချဲလ်ဆီး အသင်းမှ ထွက်ခွာတော့မယ်လို့ အရိပ်အမြွက်ထုတ်ပြောလာခဲ့ပါတယ်။ စတမ်းဖို့ဒ်ဘရစ်ချ်နဲ့ ဗဟိုခံစစ်မှူးတို့ရဲ့ စာချုပ်သက်တမ်းက နောက်ဆုံးခြောက်လတာ ကာလဆီ ဝင်ရောက်လာနေပါပြီ။

ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းမှာ အသက်-၄၀ နှစ်ပြည့်မြောက်ခဲ့ပေမယ့် သူက ချဲလ်ဆီးအသင်းအတွက် အဓိက ကစားသမားတစ်ဦးအဖြစ် ဆက်လက်ရှိနေခဲ့ပါတယ်။ ဆေးလ်ဗားက မစ်ဒယ်ဘရော့ကို ဂိုးပြတ် အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာလည်း အကောင်းဆုံး ခြေစွမ်းပြသပြီး ကာရာဘောင်ဖလား ဗိုလ်လုပွဲတက်ရောက်နိုင်ရေး အသင်းကို ကူညီပေးခဲ့ပါတယ်။

စတမ်းဖို့ဒ်ဘရစ်ချ်ကစားသမားဘ၀ လေးနှစ်တာကာလအတွင်း ဘရာဇီးသားက ချန်ပီယံလိဂ်ဖလား၊ ဥရောပစူပါဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားတို့ကို အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ကာရာဘောင်ဖလားဆီမီးဖိုင်နယ်အောင်ပွဲအပြီး ဆေးလ်ဗားက လာမယ့်ဖေဖော်ဝါရီလ၊ ဝင်ဘာလေ ကွင်းအတွင်း ယှဉ်ပြိုင်ရမယ့် ဗိုလ်လုပွဲဟာ ချဲလ်ဆီးနဲ့အတူ ဆုဖလားဆွတ်ခူးနိုင်ရေးအတွက် သူ့ရဲ့နောက်ဆုံး အခွင့်အရေးဖြစ်လာနိုင်တယ်လို့ အရိပ်အမြွက်ပြောလာပါတယ်။

ဗဟိုခံစစ်မှူးက “အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းကြောင့် ကျွန်တော်ပျော်ရွှင်ခဲ့ရပြီး အခုဆိုရင် ဝင်ဘာလေမှာ နောက်ထပ်ဗိုလ်လုပွဲတစ်ခုကစားခွင့် ရရှိခဲ့ပါတယ်။ ကျွန်တော် အမှတ်မမှားဘူးဆိုရင် အဲ့ဒီကွင်းမှာ ကျွန်တော်သုံးကြိမ် ကစားဖူးပြီး အဲ့ဒီသုံးကြိမ်လုံး ရှုံးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် အခုတော့ အနိုင်ရဖို့ အချိန်ရောက်ပြီလို့ ကျွန်တော်ယူဆမိတယ်၊ ဟုတ်တယ်မလား? ကျွန်တော့်နာမည်ကို ပရိသတ်တွေ သီချင်းလုပ်ဆိုအားပေးမှုက ကြီးမားတဲ့ဂုဏ်ပြုမှုတစ်ခုပါ။ ဒီလိုအချိန်တိုလေးအတွင်းမှာပဲ ကျွန်တော်က ပရိသတ်တွေနဲ့ တသားတည်းဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အချိန်တွေကုန်ဆုံးတာ အရမ်းမြန်လွန်းပြီး ဒီအသင်းမှာ ကစားရတဲ့အချိန်တိုင်း ပျော်ရွှင်မိပါတယ်။ ဒါက မတူကွဲပြားတဲ့ ထူးရှယ်စိတ်ခံစားမှုမျိုး ဖြစ်ပါတယ်။ တစ်ပွဲကစားပြီးတိုင်း အဆုံးသတ်ဖို့ကလည်း ပိုနီးကပ်လာနေပြီဆိုတဲ့ ခံစားချက်လည်း ရှိနေလို့ ဒါက ကျွန်တော့်ကို အနည်းငယ်ဝမ်းနည်းမိစေပါတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကွင်းတွင်း စွမ်းဆောင်ရည်ကောင်းတွေကြောင့် ကျွန်တော် ပျော်ရွှင်မိပါတယ်။ ဒါက အရေးအကြီးဆုံးပါပဲ”လို့ ပြောပါတယ်။

ဆေးလ်ဗားက ၂၀၂၀ ပြည့်နှစ်မှာ ပီအက်စ်ဂျီမှ ချဲလ်ဆီးဆီ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခဲ့ပြီး အဲ့ဒီကာလ ဘောလုံးဝေဖန်သုံးသပ်သူတွေက ကစားသမားဟာ အကောင်းဆုံးအချိန် ကျော်လွန်လာခဲ့ပြီလို့ ရေးသားဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့် ဆေးလ်ဗားက နည်းပြတူချယ်လက်အောက် အသင်းသမိုင်းတလျှောက် ဒုတိယမြောက်ချန်ပီယံလိဂ်ဆုဖလား ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့သလို နောက်တစ်နှစ်မှာပဲ ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

ချဲလ်ဆီးကစားသမားဘဝမှာ ဆေးလ်ဗားက ၁၄၁ ပွဲကစား၊ ခုနစ်ဂိုး သွင်းယူထားပါတယ်။ သူက ဘရာဇီးလက်ရွေးစင်အသင်းအတွက်လည်း ၁၁၃ ပွဲအထိ ပါဝင်ကစားပေးကာ ခုနစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိမှာ နိုင်ငံ့လက်ရွေးစင်ကစားသမားဘ၀ အနားမယူရသေးတဲ့ ဆေးလ်ဗားကို ဘရာဇီးလက်ရွေးစင် အသင်းက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးကတည်းကပင် ရွေးချယ်ခြင်း မရှိတော့ပါဘူး။

#ချဲလ်ဆီး #သီယာဂို ဆေးလ်ဗား #ပရီးမီးယားလိဂ်