ရှေ့သို့
Image

ဇယားထိပ်ဆုံးက ဂျီရိုနာနဲ့ ၈ မှတ်အထိ ကွာဟနေသော်လည်း ဘာစီလိုနာ ချန်ပီယံဖြစ်နိုင်တယ်လို့ ယုံကြည်ကြောင်း ပြောကြားလာခဲ့တဲ့ လာပေါ်တာ

4:26 PM, 24 January

ဘာစီလိုနာ ဥက္ကဌ လာပေါ်တာက သူ့ရဲ့အသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးက ဂျီရိုနာနဲ့ ၈ မှတ်အထိ ကွာဟနေသော်လည်း လာလီဂါဖလားကို ဆွတ်ခူးနိုင်တယ်လို့ ယုံကြည်နေဆဲဖြစ်ကြောင်းနဲ့ အသင်းနည်းပြ ဇာဗီဟာနန်ဒက်ဇ်ကိုလည်း အမြဲတမ်းထောက်ခံသွားမယ်လို့ပြောကြားလာခဲ့ပါတယ်။

၂၀၂၁-၂၂ ရာသီအလယ်လောက်မှာ ရုန်းကန်နေရတဲ့ဘာစီလိုနာကို စတင်ကိုယ်တွယ်ခဲ့ ဇာဗီဟာ ၂၀၂၂-၂၃ ရာသီမှာတော့ လာလီဂါဖလားကိုဆွတ်ခူးနိုင်ဖို့ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာဟာ မဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို ၁၀ မှတ်အထိဖြတ်ပြီး ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ယုံမျှမက သမိုင်းဝင်စံချိန်တွေကိုလည်း ချိုးဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဇာဗီရဲ့အသင်းဟာ ၃၈ ပွဲမှာ ၂၆ ပွဲအထိ ပေးဂိုးမရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီး အသင်းရဲ့ဂိုးသမား တာစတီဂန်ကလည်း လာလီဂါတစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာတော့ ဘာစီလိုနာဟာ ပုံစံကောင်းရဖို့ရုန်းကန်နေရပြီး အမှတ်ပေးဇယားထိပ်ဆုံးက ဂျီရိုနာနဲ့ ၈ မှတ်အကွာ တတိယနေရာမှာ ရပ်တည်နေရတာဖြစ်ပါတယ်။

ဒါ့အပြင် ယခုရာသီရဲ့ လက်ရှိ စုစုပေါင်းပေးဂိုးဟာလည်း ပြီးခဲ့တဲ့တစ်ရာသီလုံးကထက် ၄ ဂိုးပိုများနေပြီဖြစ်ပါတယ်။ အဓိကပြိုင်ဘက် ရီးရဲမက်ဒရစ်ကလည်း ဘာစီလိုနာကို ၇ မှတ်အထိဖြတ်တောက်ထားကာ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

လက်ရှိအချိန်ကစားထားတဲ့ ပွဲ ၂၀ မှာ ဘာစီလိုနာအနေနဲ့ ရနိုင်ချေရှိတဲ့ ရမှတ် ၆၀ အတွင်းမှ ၄၄ မှတ်သာ စုဆောင်းနိုင်ခဲ့သော်လည်း အသင်းဥက္ကဌလာပေါ်တာကတော့ ချန်ပီယံဖလားကို ဆွတ်ခူးနိုင်စွမ်းရှိနေဆဲဖြစ်တယ်လို့ ပြောကြားလာခဲ့တာဖြစ်ပါတယ်။

လာပေါ်တာက “ဇာဗီက အမှတ်ပေးဖလားကိုရဖို့ ခက်ခဲတယ်လို့ပြောခဲ့တယ်ထင်တယ်။ ကျွန်တော် သူပြောတာကို အမြဲတမ်းသဘောတူပါတယ်။ သူပြောတာဟုတ်ပါတယ်။ ပြိုင်ဘက်တွေက ကျွန်တော်တို့ကို အမြဲတမ်း ခက်ခဲအောင်လုပ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီအမှတ်ပေးဖလားကို အရယူသွားပါမယ်။ ဘာစီလိုနာဟာ ပုံစံကောင်းတွေပြသပြီး နောက်ဆုံးမှာ ဒီဖလားကိုရဖို့ ရေပန်းအစားဆုံး အသင်းဖြစ်လာပါလိမ့်မယ်” လို့ပြောကြားခဲ့ပါတယ်။

ယခုအချိန်မှာတော့ ဘာစီလိုနာ ဥက္ကဌဟာ ရီးရဲလ်မက်ဒရစ်ကို ဆန့်ကျင်တဲ့ မီဒီယာတိုက်ပွဲမှာ ပါဝင်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ဟာ အိမ်ကွင်းဆန်တီယာဂိုဘာနေဗျူးမှာ အယ်လ်မီရီယာကို ၀-၂ နဲ့ ရှုံးနိမ့်နေခဲ့သော်လည်း ဒိုင်တွေရဲ့ဘက်လိုက်မှုနဲ့အတူ ၃-၂ နဲ့ပြန်လည် အနိုင်ရရှိခဲ့တယ်လို့ ဝေဖန်ခံနေရတာဖြစ်ပါတယ်။

ကြာသပတေးနေ့မှာတော့ ဇာဗီရဲ့အသင်းဟာ ကိုပါဒယ်ရေးဖလား ကွာတားဖိုင်နယ်ပွဲစဉ် အဖြစ် ဘီလ်ဘာအိုနဲ့ ကစားသွားရမှာဖြစ်ပြီး သီတင်းပတ်အကုန်မှာတော့ လာလီဂါ ပွဲစဉ်အဖြစ် ဗီလာရီးရဲလ်ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #လာပေါ်တာ