ရှေ့သို့
Image

မန်စီးတီးနဲ့ အာဆင်နယ်တို့အကြား ကွာခြားချက်ကို ထုတ်ဖော်ပြောကြားလာခဲ့တဲ့ ဇင်ချန်ကို

3:32 PM, 24 January

အာဆင်နယ်အသင်းရဲ့နောက်ခံလူဇင်ချန်ကိုက မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာရဲ့လက်အောက်မှာ ကစားခဲ့ဖူးတဲ့ သူ့ရဲ့အတွေ့အကြုံနဲ့ ပတ်သက်ပြီး မန်စီးတီးနဲ့အာဆင်နယ်တို့အကြား ကွာခြားချက်ကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

အသက်-၂၇ နှစ်အရွယ် ကစားသမားဟာ ၂၀၁၆ ခုနှစ်မှာ အီတီဟတ်သို့ရောက်ရှိလာခဲ့ပြီး မန်စီးတီးကို ပရီးမီးယားလိဂ် အအောင်မြင်ဆုံး ကလပ်တွေထဲမှာ တစ်ခုအဖြစ် တစ်စိတ်တစ်ပိုင်းပါဝင်ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။ မန်စီးတီးမှာ နေထိုင်ခဲ့တဲ့ ၆ နှစ်တာ ကာလအတွင်းမှာ ဇင်ချန်ကိုဟာ အသင်းအတွက် ၇၆ ပွဲပါဝင်ကစားခဲ့ပြီး ဂိုးဖန်တီးမှု ၇ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။

အဆိုပါဂိုးဖန်တီးမှု ၇ ကြိမ်ထဲမှ ၃ ကြိမ်ဟာ သူ့ရဲ့မန်စီးတီးကစားသမားဘဝ နောက်ဆုံး ၆ ပွဲမှာပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပြီး အသင်းအတွက် ၈ ကြိမ်မြောက် အမှတ်ပေးဖလားကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ မန်စီးတီးနဲ့အတူ ဆုဖလားများစွာ ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်မှာတော့ နောက်ခံလူဟာ အာဆင်နယ်သို့ပြောင်းရွှေ့ဖို့ဆုံးဖြတ်ချက်ခဲ့ပြီး အာတီတာရဲ့အသင်းအတွက် အရေးပါတဲ့ကစားသမားဖြစ်လာခဲ့ပါတယ်။

ပက်ဂွါဒီယိုလာနဲ့ အာတီတာတို့ နှစ်ဦးစလုံးရဲ့လက်အောက်မှာ အလုပ်လုပ်ခဲ့ဖူးတဲ့ ဇန်ချန်ကိုဟာ အခုအခါမှာတော့ နည်းပြနှစ်ဦးအကြားကွာခြားချက်ကို မီးမောင်းထိုးဖော်ပြလာခဲ့ပါတယ်။ အင်တာဗျူးတစ်ခုမှာ ယူကရိန်းလက်ရွေးင် ကစားသမားက မန်စီးတီးဟာ ဂွါဒီယိုလာရဲ့လက်အောက်မှာ စက်တစ်လုံးကိုတည်ဆောက်နိုင်ခဲ့တယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

ဇင်ချန်ကိုက “မန်စီးတီးဟာ စက်တစ်လုံးကို တူညီတဲ့ ကစားသမားတွေနဲ့ နှစ် အနည်းငယ်အတွင်းမှာပဲ တည်ဆောက်နိုင်ခဲ့ပါတယ်။ ဂွါဒီယိုလာက ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့လို အသင်းကြီးတွေကို ကိုင်တွယ်ခဲ့လို့ အာတီတာထက် အတွေ့အကြုံပိုများခဲ့ပါတယ်။ သူက ဒီလိုအခြေအနေမျိုးကို အကြိမ် ၁ ထောင်လောက်မြင်တွေ့ဖူးပြီးသားပါ”လို့ ပြောကြားခဲ့ပါတယ်။

တကယ်တော့ ဂွါဒီယိုလာနဲ့ အာတီတာတို့ဟာ မန်စီးတီးမှာ အလုပ်တူတူတွဲလုပ်ခဲ့ဖူးပြီး အာတီတာက ဂွါဒီယိုလာရဲ့လက်ထောက်နည်းပြအဖြစ် အချိန်တစ်ခုအကြာ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

#အာတီတာ #အာဆင်နယ် #ဇင်ချန်ကို #ပရီးမီးယားလိဂ်