ရှေ့သို့
Image

အင်္ဂလန်မြေမှာ ဆုဖလားအောင်မြင်မှုတစ်ခု လိုချင်နေတဲ့ ချဲလ်ဆီးနည်းပြ ပိုချက်တီနို

2:50 PM, 24 January

ဒီနေ့မနက်ပိုင်း၊ မစ်ဒယ်ဘရော့ကို အနိုင်ယူပြီး ကာရာဘောင်ဖလား ဗိုလ်လုပွဲအဆင့်ဆီ တက်ရောက်နိုင်ပြီးနောက် ချဲလ်ဆီးနည်းပြ ပိုချက်တီနိုက အင်္ဂလန်မြေမှာ ဆုဖလားအောင်မြင်မှု ကင်းမဲ့နေတဲ့ သူ့ရဲ့စံချိန်ကို ချိုးဖျက်ရန် စိတ်အားထက်သန်နေပုံကို ဖော်ထုတ်ပြသခဲ့ပါတယ်။ ချဲလ်ဆီးက ဖေဖော်ဝါရီ ၂၅ ရက်မှာ အသင်းသမိုင်းတလျှောက် ၁၀ ကြိမ်မြောက် လိဂ်ဖလားဗိုလ်လုပွဲအဖြစ် ဖူလ်ဟမ်(သို့)လီဗာပူးနဲ့ ရင်ဆိုင်ရပါတော့မယ်။

ဒါ့အပြင် ပိုချက်တီနိုအတွက်လည်း အင်္ဂလန်ကလပ်အသင်းတစ်ခုနဲ့အတူ ရရှိလာမယ့် သူ့ရဲ့ပထမဆုံး ဆုဖလားကို ကိုင်မြှောက်နိုင်ဖို့ နိုင်ပွဲတစ်ခုသာ လိုအပ်လာပါတယ်။ သူက တော့တင်ဟမ်နည်းပြဘဝမှာ ကာရာဘောင်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ရေး အနီးစပ်ဆုံး စွမ်းဆောင်နိုင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ပိုချက်တီနိုက “ဒီမှာ ဆုဖလားတစ်လုံးလောက် ဆွတ်ခူးနိုင်ဖို့ ကျွန်တော် စိတ်အားထက်သန်နေပါတယ်။ ပါရီမြေမှာ တစ်နှစ်ခွဲလောက် ကြာပြီးနောက် ကျွန်တော်တို့ ဆုဖလားသုံးလုံး ရရှိခဲ့ပါတယ်။ အခု ဒီမှာလည်း ဆုဖလားအောင်မြင်မှု ရချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဆုဖလားအနိုင်ရရှိဖို့ စိတ်အားထက်သန်နေတာ သေချာပါတယ်။ ဒီအောင်ပွဲက ကျွန်တော်တို့အတွက် တကယ့်ကို အရေးကြီးပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် ပိုချက်တီနိုက ဝင်ဘာလေကွင်းဆီသွားရမယ့်အတွေ့အကြုံဟာ အသင်းတိုးတက်လာရေးအတွက် အရေးကြီးတဲ့ အရာဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ “ဝင်ဘာလေကွင်းဆီသွားရမယ့် အတွေ့အကြုံမျိုးတွေနဲ့ ဒီလိုငယ်ရွယ်တဲ့အသင်းက အသင်းတစ်ခုအဖြစ် ယုံကြည်မှု၊ ယုံကြည်ချက်နဲ့ စိတ်ဓါတ်ပိုင်းကို တည်ဆောက်သွားရပါလိမ့်မယ်။ ချဲလ်ဆီး အသင်းရဲ့စိတ်ဓါတ်ပိုင်းက အံ့မခန်းစရာဖြစ်လို့ ကလပ်အသင်း တစ်ခုနဲ့တောင် မတူပါဘူး။ နိုင်ပွဲလိုချင်တဲ့ ယဉ်ကျေးမှုရောပေါ့။ ဒါပေမယ့် ကျွန်တော်တို့က ယုံကြည်မှုနဲ့ ယုံကြည်ချက်တွေ တည်ဆောက်ဖို့ လိုအပ်နေတဲ့ အသွင်သစ် အသင်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဝင်ဘာလေကွင်းဆီသွားပြီး ဗိုလ်လုပွဲတစ်ပွဲကစားရမယ့် ခံစားမှုက ဘယ်လောက်တောင် အဓိပ္ပါယ်ပြည့်ဝနေသလဲဆိုတာကို ခံစားမိပါတယ်”လို့ ပိုချက်တီနိုက ဆက်ပြောခဲ့ပါတယ်။

ချဲလ်ဆီးက လျော့တိလျော့ရဲဖြစ်နေတဲ့ ဘိုရိုကို ပထမပိုင်းမှာ လေးဂိုး၊ ဒုတိယပိုင်းမှာ နှစ်ဂိုး သွင်းယူခဲ့ပြီး ဧည့်သည်တွေအတွက် နှစ်သိမ့်ချေပဂိုးကိုတော့ ပွဲချိန်နှောင်းပိုင်းမှာ အက်စတွန်ဗီလာပစ်မှတ် ရိုဂျာစ်က ရယူပေးခဲ့ပါတယ်။ ဘိုရိုနည်းပြ မိုက်ကယ်ကာရစ်ကတော့ အခုလအတွင်း ဒီလိုပုံစံမျိုး ရှုံးနိမ့်ရလိမ့်မယ်လို့ ယုံကြည်နိုင်စရာမရှိပါဘူးလို့ ပြောပါတယ်။

ကာရစ်က “ရက်စက်လွန်းအားကြီးပါတယ်။ လက်ခံဖို့ရာ ခက်ခဲပြီး တော်တော်ရက်စက်ရာ ကျပါတယ်။ အမှားတွေ အများကြီးလုပ်မိပြီး ချဲလ်ဆီးက ကျွန်တော်တို့ကို ပြစ်ဒဏ်ခတ်သွားပါတယ်”လို့ ဆက်ပြောပါတယ်။

#ချဲလ်ဆီး #ပိုချက်တီနို #ကာရာဘောင်ဖလား #မစ်ဒယ်ဘရော့စ်