ရှေ့သို့
Image

ဘိုရိုကို ဂိုးပြတ်ချေမှုန်းပြီး ကာရာဘောင်ဖလားဖိုင်နယ်ဆီ တက်လှမ်းသွားတဲ့ ချဲလ်ဆီး

9:40 AM, 24 January

ယနေ့မနက်ပိုင်း၊ ကာရာဘောင်ဖလားဆီမီးဖိုင်နယ်(ဒု-ကျော့)ပွဲစဉ်အဖြစ် စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ ချဲလ်ဆီးက မစ်ဒယ်ဘရော့ကို ၆-၁ ဂိုးဖြင့် အနိုင်ယူကာ ဗိုလ်လုပွဲအဆင့်ဆီ တက်လှမ်းသွားခဲ့ပါတယ်။

အခုပွဲစဉ်ရဲ့ပွဲချိန်အစ ၁၀ မိနစ်အတွင်းမှာ ဧည့်သည်ဘိုရိုက အထင်ကြီးလောက်စရာ ကစားဟန်မျိုးဖြင့် ချဲလ်ဆီးကို ရင်ဆိုင်ကစားခဲ့ပြီး အဖွင့်ဂိုးရရှိဖို့လည်း အနီးစပ်ဆုံး ကြိုးစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အိမ်ရှင်တွေရဲ့နောက်တန်းက ပြိုင်ဘက်ရဲ့ခြိမ်းခြောက်တိုက်စစ်ဆင်လာမှုကို အကောင်းဆုံး ဟန့်တားထားနိုင်ခဲ့ပါတယ်။

ပွဲချိန်မိနစ် ၂၀ မပြည့်ခင်မှာပဲ အနောက်လန်ဒန်ကလပ်အတွက် နှစ်ကျော့ပေါင်း ရလဒ်ကို အမှီလိုက်နိုင်စေမယ့် သွင်းဂိုး ဖြစ်ပေါ်လာခဲ့ပါတယ်။ ချဲလ်ဆီးတိုက်စစ်မှူး ဘရိုဂျာရဲ့ကန်ချက်က ဘိုရိုကွင်းလယ်လူဟောင်ဆန်နဲ့ ထိပြီး ဂိုးဝင်သွားခဲ့လို့ အိမ်ရှင်တို့ အဖွင့်ဂိုးရရှိခဲ့ပါတယ်။

ဒါ့အပြင် အန်ဇိုဖာနန်ဒက်ဇ်၊ ဒီဆာစီ၊ ပယ်လ်မာတို့က ချဲလ်ဆီးအတွက် နောက်ထပ်သွင်းဂိုးတွေ ရှာဖွေပေးခဲ့လို့ ပထမပိုင်းပွဲချိန်မပြီးဆုံးခင် စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းတွင်းမှာ ဖိအားတွေ အတော်လေးလျော့ပါးသွားခဲ့ပါတယ်။ ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာလည်း ချဲလ်ဆီးက အနိုင်ရလဒ်ကို ထိန်းသိမ်းနိုင်ဖို့ ပွဲကို ထိန်းချုပ်ကစားခဲ့ပြီး သက်သောင့်သက်သာနဲ့ ရှေ့ဆက်ခဲ့ပါတယ်။

ချဲလ်ဆီးအတွက် ပဉ္စမမြောက်သွင်းဂိုးကိုတော့ ပယ်လ်မာက ပွဲချိန် ၇၇ မိနစ်မှာ အခုပွဲစဉ်အတွင်း သူ့ရဲ့ဒုတိယမြောက်သွင်းဂိုး အဖြစ် ရယူပေးခဲ့ပါတယ်။ မိနစ်ပိုင်းအကြာမှာပဲ မာဒူကီက ဂလယ်ဟာရဲ့ဖန်တီးပေးမှုမှတဆင့် နောက်ထပ်သွင်းဂိုးကို ရယူသွားခဲ့ပါတယ်။

ပွဲချိန်နှောင်းပိုင်းမှာတော့ ဘိုရိုအတွက် ရိုဂျာစ်က ဟက်နေးရဲ့ဖန်တီးပေးမှုမှတဆင့် ချေပဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ပွဲပြီးဆုံးချိန်မှာတော့ ချဲလ်ဆီးက ဘိုရိုကို နှစ်ကျော့ပေါင်းရလဒ် ၆-၂ ဂိုးဖြင့် အနိုင်ယူကာ ဝင်ဘာလေကွင်းမှာ ကျင်းပမယ့် ဗိုလ်လုပွဲကြီးဆီ တက်လှမ်းသွားခဲ့ပါတယ်။

ပိုချက်တီနိုရဲ့အသင်းက မနက်ဖြန်မနက်ပိုင်းမှာ ယှဉ်ပြိုင်ကစားမယ့် ဖူလ်ဟမ်နဲ့ လီဗာပူး(ပ-ကျော့ရလဒ် လီဗာပူး ၂-၁)တို့ ပွဲစဉ်မှ အနိုင်ရရှိလာတဲ့အသင်းနဲ့ အခုရာသီကာရာဘောင်ဖလားဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားရပါမယ်။

#ချဲလ်ဆီး #ကာရာဘောင်ဖလား #မစ်ဒယ်ဘရော့စ်