ရှေ့သို့
Image

မာရက်ဇ်ကို ဒုတိယပိုင်းမှအသုံးပြုခဲ့တဲ့နည်းပြရဲ့ဆုံးဖြတ်ချက်နဲ့အတူ မော်ရစ်တေးနီးယားကို ရှုံးနိမ့်ပြီး အုပ်စုကနေလှည့်ပြန်ခဲ့ရတဲ့ အယ်လ်ဂျီးရီးယား

8:51 AM, 24 January

ယနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ အာဖရိကနိုင်ငံများဖလား အုပ်စုအဆင့်ပွဲစဉ်မှာ အယ်လ်ဂျီးရီးယားဟာ အသင်းရဲ့အဓိက ကစားသမား ရီယက်ဒ်မာရက်ဇ်ကို ဒုတိယပိုင်းမှ စတင်အသုံးပြုခဲ့တဲ့ နည်းပြ ဒီယာမယ်ဘယ်မာဒီရဲ့ ဆုံးဖြတ်ချက်နဲ့အတူ မော်ရစ်တေးနီးယားကို အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ စောစောစီးစီးလှည့်ပြန်ခဲ့ရပါတယ်။

မော်ရစ်တေးနီးယားဟာ ပထမပိုင်းအတွင်း နောက်ခံလူ မိုဟာမက်ဒယ်လာဟီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့အတူ အနိုင်ရရှိခဲ့တာဖြစ်ပြီး အုပ်စုရဲ့တတိယအဆင့်မှာ ရပ်တည်နိုင်ခဲ့တာကြောင့် နောက်တစ်ဆင့်ကိုတက်နိုင်ဖို့ အခွင့်အရေးရလာခဲ့ပါတယ်။ အာဖရိကဖလားကို ၂ ကြိမ်တိုင်တိုင် ဆွတ်ခူးခဲ့ဖူးတဲ့ အယ်လ်ဂျီးရီးယားဟာ ဒီပွဲမှာတော့ ချေပဂိုးတောင်ပြန်လည်မရရှိခဲ့တာကြောင့် အုပ်စုရဲ့ အောက်ဆုံးနေရာကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

အယ်လ်ဂျီးရီးယားဟာ ပထမ ၂ ပွဲဆက်သရေကျထားခဲ့တာကြောင့် နည်းပြ ဘယ်မာဒီအနေနဲ့ မာရက်ဇ်ကို အရန်ခုံပို့ကာ ဒုတိယပိုင်းမှ အားအင်အပြည့်နဲ့ ထည့်သွင်းခဲ့သော်လည်း မော်ရစ်တေးနီးယားရဲ့ခံစစ်ကိုတော့ ကျော်လွန်နိုင်ခဲ့ခြင်းမရှိပါဘူး။  ဘောလုံးပိုင်ဆိုင်မှုအသာနဲ့အတူ အယ်လ်ဂျီးရီးယားက ပွဲကိုစိုးမိုးနိုင်ခဲ့ပြီး ဂိုးပေါက်ကန်သွင်းချက်တွေ ပြုလုပ်နိုင်ခဲ့သော်လည်း မော်ရစ်တေးနီးယားဂိုးသမား ဘာဘာကာနီယက်ဆီက လက်စွမ်းပြကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့တာကြောင့် ချေပဂိုးနဲ့လွဲချော်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ မာရက်ဇ်ကိုထည့်ပြီး အယ်လ်ဂျီးရီးယားက တိုက်စစ်မြှင့်လာခဲ့သော်လည်း ကီတာ၊ ဒယ်လာဟီ၊ လာမိုင်းဘာနဲ့ ခါဒင်ဒီယောတို့ရဲ့နောက်တန်းကို ထိုးဖောက်နိုင်ဖို့ အတော်ပဲအခက်ကြုံခဲ့ရတာဖြစ်ပါတယ်။ အယ်လ်ဂျီးရီးယားက ဂိုးလိုအပ်နေခဲ့ပေမယ့် ပွဲပြီးကာနီးမှာ အခွင့်အရေးကောင်းရရှိခဲ့တာကတော့ မော်ရစ်တေးနီးယားဖြစ်ပြီး အီဘရာဟီမာကီတာရဲ့ဖြတ်တင်ဘောကို လူစားဝင်ကစားသမား ဖိုဖာနာက အပိုင်ကန်သွင်းခွင့်ရခဲ့တာဖြစ်ပါတယ်။

သို့သော် အယ်လ်ဂျီးရီးယားဂိုးသမား မန်ဒရီယာက ကာကွယ်နိုင်ခဲ့တာကြောင့် ဒုတိယဦးဆောင်ဂိုးနဲ့လွဲချော်ခဲ့ရပါတယ်။  အချိန်ပို ၁၁ မိနစ် သတ်မှတ်ပေးပြီးနောက်ပိုင်းမှာ အယ်လ်ဂျီးရီးယားက အပိုင်အခွင့်အရေးတွေ ထပ်မံရရှိခဲ့သော်လည်း မော်ရီတေးနီးယားနောက်တန်းနဲ့ ဂိုးသမား နီယက်ဆီတို့က အကောင်းဆုံးပုံစံရှိနေခဲ့တာကြောင့် အနိုင်ရလဒ်ကို ထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

အုပ်စုအတွင်းအခြားပွဲစဉ်မှာတော့ အန်ဂိုလာက ဘာကီနာဖာဆိုကို ၂-၀ နဲ့ အနိုင်ရခဲ့တာကြောင့် ရှုံးထွက်အဆင့်ကို အုပ်စုပထမနဲ့တက်ရောက်သွားနိုင်ခဲ့ပါတယ်။ အန်ဂိုလာအတွက် ဂိုးတွေကို တိုက်စစ်မှူး မာဘူလူလူနဲ့ လူစားဝင်ကစားသမား ဇီနီတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အုပ်စုထဲမှာ အန်ဂိုလာက ရမှတ် ၇ မှတ်နဲ့ပထမ၊ ဘာကီနာဖာဆိုက ရမှတ် ၄ မှတ်နဲ့ ဒုတိယ၊ မော်ရစ်တေးနီးယားက ရမှတ် ၃ မှတ်နဲ့ တတိယနေရာ ရရှိခဲ့ပြီး အယ်လ်ဂျီးရီးယားကတော့ ရမှတ် ၂ မှတ်နဲ့ စတုတ္ထနေရာမှာသာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။
#အာဖရိကဖလား #မာရက်ဇ် #အယ်လ်ဂျီးရီးယား