ရှေ့သို့
Image

ကာတစ်ဂျုံးစ်ရဲ့ဒဏ်ရာ အခြေအနေကို ဖွင့်ဟပြောပြလာတဲ့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်

12:36 PM, 22 January

ဒီနေ့မနက်ပိုင်း၊ ဘုန်းမောက်ကို အနိုင်ရရှိခဲ့တဲ့ လီဗာပူးရဲ့အဖိုးတန်နိုင်ပွဲအပြီး နည်းပြယာဂန်ကလော့ပ်က အားထားရတဲ့ကွင်းလယ်လူကာတစ်ဂျုံးစ်ရဲ့ ဒဏ်ရာနောက်ဆုံး အခြေအနေကို ဖွင့်ဟပြောပြလိုက်ပါတယ်။

ဗီတယ်လီတီကွင်းကြီးအတွင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ အနီရောင်တပ်သားတွေက ပြိုင်ဘက်ကို ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ဒုတိယပိုင်းပွဲချိန်အတွင်း လီဗာပူးတိုက်စစ်မှူးတွေဖြစ်တဲ့ ဒါဝင်နူနက်ဇ်နဲ့ ဂျိုတာတို့က နှစ်ဂိုးစီ သွင်းယူပေးခဲ့ပြီး အသင်းကို ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ငါးမှတ်ဖြတ်ဦးဆောင်နိုင်အောင် ကူညီပေးခဲ့ပါတယ်။

ဒါပေမယ့် အခုပွဲစဉ်မှာ လီဗာပူးအသင်းအတွက် တစ်ခုတည်းသော စိတ်ပျက်စရာကတော့ ပွဲချိန်နှောင်းပိုင်းမိနစ်တွေအတွင်း ကာတစ်ဂျုံးစ်ကို ဒဏ်ရာပြဿနာကြောင့် လူစားလဲလှယ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ကွင်းလယ်လူကလည်း ကွင်းတွင်းမှ ထွက်ခွာကာ ဥမင်လှိုဏ်ခေါင်းဆီ တိုက်ရိုက်ဝင်ရောက်သွားခဲ့ပါတယ်။ ဒါပေမယ့် ယာဂန်ကလော့ပ်ကတော့ ကစားသမားရဲ့ဒဏ်ရာဟာ အလွန်ပြင်းထန်ဖွယ်မရှိဘူးလို့ ယုံကြည်မျှော်လင့်နေပါတယ်။

သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ကလော့ပ်က “ကျွန်တော်တို့အားလုံး မျှော်လင့်ထားသလိုပဲ ကာတစ်ဂျုံးစ်လည်း အခြေအနေကောင်းပါတယ်။ သူ အနည်းငယ်နာကျင်နေတာပါ။ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာလည်း အနည်းငယ်နာကျင်ခဲ့ဖူးပေမယ့် ဘာမှမဖြစ်ခဲ့ပါဘူး။ ကာတစ်ဂျုံးစ်က အလွန်အတွေ့အကြုံရှိတဲ့ကစားသမားဖြစ်ပြီး ပြိုင်ဘက်ကို သုံးဂိုးပြတ်နိုင်နေချိန်မှာ သူ့ကို ဘာကြောင့် စွန့်စားပြီး ဆက်သုံးနေရမှာလဲလို့ တွေးမိခဲ့ပါတယ်။ အဲ့ဒီအတိုင်းပဲ အတိအကျဖြစ်လာလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ်”လို့ ပြောပါတယ်။

#လီဗာပူး #ကာတစ်ဂျုံးစ် #ကလော့ပ် #ပရီးမီးယားလိဂ်