ရှေ့သို့
Image

ဝါဒါဘရီမင်ကို ရှုံးနိမ့်ပြီးနောက် ကိုယ့်ကိုယ်ကိုယ်မှန်ထဲပြန်ကြည့်သင့်နေပြီလို့ အသင်းဖော်တွေကို သတိပေးလာတဲ့ နူအာ

11:29 AM, 22 January

ဘိုင်ယန်မြူးနစ် အသင်းခေါင်းဆောင် မန်နူရယ်နူအာက ယမန်နေ့က အိမ်ကွင်းမှာ ဝါဒါဘရီမင်ကို ၀-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းရဲ့ကစားပုံကို မကျေမနပ်ဖြစ်နေခဲ့ပြီး ကစားသမားတွေ အနေနဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်ဖို့ လိုအပ်နေပြီလို့ သတိပေးစကားပြောကြားခဲ့ပါတယ်။ ယခုပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိသော်လည်း ဘိုင်ယန်မြူးနစ်အသင်းဖော် ကစားသမားတွေဟာ သက်တောင့်သက်သာပုံစံဖြစ်နေကြပြီး အရေးကြီးတဲ့ပုံစံမျိုး ဖြစ်မနေခဲ့ဘူးလို့ နူအာက ဆိုခဲ့တာဖြစ်ပါတယ်။

ဝါရင့်ဂိုးသမားက “ပွဲပြီးဖို့ ၂၅ မိနစ် အလိုလောက်မှာ ကျွန်တော်တို့ အပိုင်အခွင့်အရေးတွေအများကြီး ဖန်တီးနိုင်ခဲ့ပြီး တစ်ဂိုးလောက်တော့ သွင်းနိုင်ခဲ့သင့်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြန်လာတာ အရမ်းနောက်ကျသွားခဲ့ပါတယ်။ ဒီလိုခြေစွမ်းမျိုးက ပွဲစတာနဲ့ ရှိနေသင့်တာပါ။ ကျွန်တော်တို့ရဲ့အခြေအနေက အလေးအနက်ထားဖို့လိုနေပါပြီ။ လေဗာကူဆင်က ဆက်တိုက်ပြေးနေတာကြောင့်ပါ။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်ပြီး ပွဲတိုင်းကိုအနိုင်ရရှိဖို့လိုနေပါပြီ။ လာမယ့် ဗုဒ္ဓဟူးနေ့မှာတော့ မတူညီတဲ့ စွမ်းဆောင်ရည်ကို ပြသပြီး ကျွန်တော်တို့ရဲ့ အရည်အသွေးအစစ်အမှန်ကို ပွဲထဲကိုယူသွားပါမယ်” လို့ ပြောကြားခဲ့ပါတယ်။

နူအာ ရည်ညွှန်းပြောကြားခဲ့တဲ့ ပွဲပြီးဖို့ ၂၅ မိနစ် အလိုဟာ အသင်းနည်းပြ သောမတ်စ်တူချယ် လူစားလဲမှုတွေပြုလုပ်ပြီးနောက်ပိုင်းဖြစ်ပါတယ်။ သို့သော် ဘိုင်ယန်မြူးနစ်အနေနဲ့ ပွဲပန်းနေတာကြောင့်လား၊ ကြိုတင်ပြင်ဆင်မှုအားနည်းနေခဲ့တာကြောင့်လည်းမသိပေမဲ့ အသင်း တစ်သင်းအနေနဲ့တော့ လုံလောက်တဲ့စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ခြင်းမရှိပါဘူး။

ခံစစ်ပိုင်းက ပုံစံကောင်းပြသနိုင်ခဲ့ခြင်းမရှိသလို ကွင်းလယ်နဲ့တိုက်စစ်ကလည်း ဂိုးဖန်တီးမှုနဲ့ ဂိုးသွင်းယူနိုင်ဖို့ အတော်ပဲရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ လက်ရှိ အမှတ်ပေးဇယားမှာတော့ တူချယ်လ်ရဲ့အသင်းဟာ ထိပ်ဆုံးက လေဗာကူဆင်နဲ့ ၇ မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် ယူနီယံဘာလင်နဲ့ပွဲမှာတော့ ပုံစံကောင်းကို ပြန်လည်ပြသနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါမယ်။

#ဘိုင်ယန်မြူးနစ် #ဘွန်ဒက်စ်လီဂါ #နူအာ #ဝါဒါဘရီမင်