ရှေ့သို့
Image

ချဲလ်ဆီးအသင်း တိုက်စစ်မှူးကို စောင့်ကြည့်နေတဲ့ ဖူလ်ဟမ်

2:05 PM, 18 January

သတင်းတွေအရ ဖူလ်ဟမ်အသင်းဟာ ချဲလ်ဆီးအသင်းတိုက်စစ်မှူး ဘရိုဂျာကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ဘရိုဂျာကို ခေါ်ယူဖို့ ဖူလ်ဟမ်အပြင် ဝက်စ်ဟမ်းနဲ့ ဝုဗ်အသင်းတို့ကလည်း စောင့်ကြည့်နေကြပါတယ်။

ချဲလ်ဆီးအသင်းကတော့ အခုလထဲမှာ တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ဘရိုဂျာကို ထွက်ခွာခွင့်ပြုဖွယ်ရှိနေပါတယ်။ ဒါပေမယ့်လည်း ခေါ်ယူမယ့်အသင်းတွေ အနေနဲ့ ချဲလ်ဆီးအသင်း တောင်းဆိုတဲ့တန်ကြေးမျိုး ပေးချေနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

တန်ကြေးက လက်ရှိအသင်းတွေအတွက် ခက်ခဲနိုင်တာဖြစ်ပြီး ဘရိုဂျာဟာ ဒီရာသီချဲလ်ဆီး အတွက် ပြိုင်ပွဲစုံ ၁၇ ပွဲမှာ ၂ ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ အသက် ၂၂ နှစ်သားဟာ ဒီရာသီမှာ ဂျက်ဆင်ကြောင့် လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရရှိနေပြီး စက်တင်ဘာလတုန်းကမှ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာခဲ့တာ ဖြစ်ပါတယ်။ အခုလထဲမှာ ချဲလ်ဆီး အနေနဲ့ တိုက်စစ်မှူးသစ် ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ဘရိုဂျာကို လက်လွှတ်ဖို့များနေပါတယ်။

ဘရိုဂျာဟာ ၂၀၂၁ - ၂၂ ရာသီမှာတုန်းက ဆောက်သမ်တန်အသင်းမှာ အငှားထွက်ကစားရင်း ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာဖြစ်ပြီး ၃၈ ပွဲမှာ ၉ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ပရက်စ်တန်နဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ပိုချက်တီနိုက “သူ့အတွက် အရမ်းကိုအရေးကြီးတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ရိုးသားဖို့လိုအပ်ပါတယ်။ ဒီလိုပွဲမျိုးမှာ သူ့အနေနဲ့ ဂိုးသွင်းပြီး ယုံကြည်မှု တည်ဆောက်ဖို့ လိုအပ်ပါတယ်။ ကြံ့ခိုင်မှုပိုင်းတင်မဟုတ်ပဲ ကိုယ်ခန္ဓာပိုင်းပါ တိုးတက်ဖို့ လိုအပ်ပါတယ်။ သူ့အနေနဲ့ နောက်တစ်ဆင့်တက်ဖို့ လိုအပ်ပါတယ်။ သူက အလားအလာရှိတဲ့ လူငယ်ကစားသမား တစ်ဦးပါ။ အင်္ဂလန်မှာရှိတဲ့လူငယ်တိုက်စစ်မှူးတွေထဲက အကောင်းဆုံး တစ်ဦးဖြစ်သလို ဥရောပမှာလည်း အလားအလာရှိတဲ့သူပါ။  ဒါပေမယ့် ပြဿနာက သူ့အနေနဲ့ သူ့ကိုယ်သူ တွန်းအားပေးဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ကလည်း သူတိုးတက်လာအောင် ကြိုးစားကူညီပေးသွားမှာပါ။ တစ်နှစ်လောက် ဒဏ်ရာပြဿနာနဲ့ နပန်းလုံးခဲ့ရတဲ့အတွက် သူ့မှာအချိန်လိုအပ်ပါတယ်။ ဒီလိုမျိုး စွမ်းဆောင်နိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ကျွန်တော်တို့ သူ့ဆီကနေ အများကြီး မျှော်လင့်ထားပါတယ်။ သူ့ကိုလည်း ယုံကြည်မှုရှိပါတယ်။ နေ့တိုင်း သူတိုးတက်လာအောင် ကျွန်တော်တို့ တွန်းအားပေးသွားမှာပါ”လို့ ပိုချက်တီနိုက ပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #ဘရိုဂျာ #ဖူလ်ဟမ်