ရှေ့သို့
Image

ပြီးခဲ့တဲ့ရာသီ ယူရိုပါလိဂ်မှာရင်ဆိုင်ရကတည်းက ဆီဗီလာရဲ့အငွေ့အသက်ကို သဘောကျနေခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့တဲ့ ဟန်နီဘယ်

1:52 PM, 18 January

မကြာသေးမီက မန်ချက်စတာယူနိုက်တက်ကနေ ဆီဗီလာသို့ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ ဟန်နီဘယ်က စပိန်သို့ ပြောင်းရွှေ့ခဲ့ခြင်းမှာ ဆီဗီလာရဲ့ အငွေ့အသက်အကြောင်းကို ပြောပြခဲ့ကြတဲ့ ယူနိုက်တက် အသင်းဖော်တွေကလည်း အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်တယ်လို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

အသက်-၂၀ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က အငှားပြောင်းရွှေ့မှုကို အတည်ပြုခဲ့ပြီး ရာသီကုန်မှာ ဆီဗီလာမှ အပြီးသတ် ခေါ်ယူမယ်ဆိုပါက ပေါင် ၁၇.၅ သန်းခန့်အထိ ကုန်ကျသွားမှာဖြစ်ပါတယ်။ မန်နေဂျာအဲရစ်တန်ဟက် လက်အောက်မှာ ပွဲထွက်ခွင့်ရဖို့ရုန်းကန်နေရတဲ့ ဟန်နီဘယ်ဟာ အခြားအသင်းတွေကနေ ကမ်းလှမ်းမှုတွေ ရရှိခဲ့သော်လည်း ရာမွန်ဆန်းချက်ဇ်ပစ်ဇ်ဂျူယန် အားကစားကွင်းရဲ့ ရူးလောက်စရာကောင်းတဲ့ အငွေ့အသက်ကြောင့် ဆီဗီလာကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်ဟာ ယူရိုပါလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ဆီဗီလာကို ၃-၀ နဲ့ ရှုံးနိမ်ခဲ့ပြီး အဆိုပါပွဲစဉ်မှာ ဆီဗီလာပရိသတ်တွေရဲ့ အားပေးမှုကို ယူနိုက်တက်ကစားသမားတွေက အံ့ဩခဲ့ကြရတာဖြစ်ပါတယ်။

ဟန်နီဘယ်က “အဲဒီပွဲမှာ ကျွန်တော်မကန်ရပါဘူး။ ဒါပေမယ့် အသင်းရဲ့အရည်အသွေးကို မြင်တွေ့ခဲ့ရပါတယ်။ ပြီးတော့ ပရိသတ်တွေကိုလည်း မြင်ခဲ့ရတယ်။

ကျွန်တော် ဒီအသင်းနဲ့မချိတ်ဆက်ခင်မှာပဲ ယူနိုက်တက်က အသင်းဖော်တွေက ဆီဗီလာရဲ့ပရိသတ်တွေအကြောင်းကို ပြောပြခဲ့ပါတယ်။ သူတို့ပြောတာကတော့ ဒီအသင်းရဲ့ ကွင်းတွင်းအငွေ့အသက်က ရူးလောက်စရာပဲတဲ့။ ဒီလိုအရူးအမူးအားပေးကြတဲ့ ပရိသတ်တွေ ရှိနေတဲ့အသင်းမှာဆိုရင် အခက်အခဲတွေ ကြုံတွေ့နေရရင်တောင် အကူအညီဖြစ်မှာသေချာတယ်တဲ့။ ပရိသတ်တွေအကြောင်းကို အများကြီးကြားထားတာကြောင့် သူတို့နဲ့ တွေ့ရဖို့မစောင့်နိုင်တော့ပါဘူး။ ပရိသတ်တွေ အနေနဲ့လည်း ကျွန်တော်သူတို့ကို ကြိုက်သလောက် ကျွန်တော့်ကို ပြန်ကြိုက်ကြမယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဟန်နီဘယ်ဟာ ယူနိုက်တက်ကနေ ဆီဗီလာကိုပြောင်းရွှေ့ဖို့ ၄ နှစ်ခွဲစာချုပ်နဲ့ သဘောတူညီမှုရရှိထားတဲ့ မက်တီယိုနဲ့ ချိတ်ဆက်သွားမှာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ မူလက တူနီးရှားလက်ရွေးစင်အသင်းအတွက် ၂၇ ပွဲအထိ ပါဝင်ကစားထားတဲ့ ဟန်နီဘယ်ကို မိုနာကိုကနေ ပေါင် ၉.၃ သန်းနဲ့ ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ ကွင်းလယ်လူဟာ သူ့ရဲ့ကလပ်ကစားသမားဘဝကို တိုးတက်စေဖို့အတွက် ယခုကျင်းပနေတဲ့ အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲကို လွဲချော်စေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အသက်-၂၀ နှစ်အရွယ် တူနီးရှားလက်ရွေးစင် ကစားသမားဟာ လာမယ့် တနင်္ဂနွေနေ့မှာ သူ့ရဲ့ဆီဗီလာကစားသမားဘဝ ပထမဆုံး ပွဲဦးထွက်ကို လာလီဂါအမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ဦးဆောင်ထားတဲ့ ဂျီရိုနာနဲ့ပွဲစဉ်မှာ ပါဝင်သွားရဖွယ်ရှိနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဆီဗီလာ #အပြောင်းအရွှေ့ #ဟန်နီဘယ်