ရှေ့သို့
Image

ဘိုင်ယန်စတားကို ခေါ်ယူဖို့ဆွေးနွေးမှုတွေ စတင်လာတဲ့ နယူးကာဆယ်

9:06 AM, 18 January

သတင်းတွေအရ နယူးကာဆယ်အသင်းဟာ ဘိုင်ယန်စတား ဂျိုရှုအာကင်မစ်ချ်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင်လာတယ်လို့ သိရပါတယ်။ ဟိုဝီရဲ့အသင်းဟာ ပြီးခဲ့တဲ့လတွေတုန်းက ဒဏ်ရာပြဿနာတွေကြောင့် အဆင့် ၁၀ နေရာအထိ ကျဆင်းခဲ့ရတာဖြစ်ပါတယ်။

ဘဏ္ဍာရေးစည်းမျည်းကြောင့် အခုဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့ ခက်ခဲနိုင်ကြောင်း ဟိုဝီက ဝန်ခံပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဂျာမန်သတင်းဌာန Bild ကတော့ နယူးကာဆယ်ဟာ ကင်မစ်ချ်ကို ခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

အဆိုပါအခြေအနေဟာ နယူးကာဆယ်အတွက် အပြောင်းအရွှေ့ဖြစ်လာနိုင်ဖို့ မေးခွန်းထုတ်စရာတွေရှိနေတာဖြစ်ပါတယ်။  ဂျာမန်သားဟာ ဇန်နဝါရီမှာ ဘိုင်ယန်ကနေ ထွက်ခွာဖို့ အစီအစဉ်မရှိသလို ဂျာမန်ကလပ်နဲ့အတူ ၁၂ ကြိမ်ဆက် ဘွန်ဒက်စ်လီဂါချန်ပီယံနဲ့ ချန်ပီယံလိဂ်ဖလားရယူချင်နေပါတယ်။

ဒါပေမယ့်လည်း သူ့အနာဂတ်ကိုတော့ ရာသီအကုန်မှာ လမ်းဖွင့်ဖွယ်ရှိနေပါတယ်။ ဘိုင်ယန်ကလည်း ၂၀၂၅ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကင်မစ်ချ်အတွက် ဆွေးနွေးဖို့ အသင့်ဖြစ်နေပါတယ်။ လိုက်ပ်ဇစ်စတားဟောင်းဟာ ၂၀၁၅ တုန်းက ဘိုင်ယန်ထံ ပေါင် ၆ သန်းနဲ့ ရောက်လာခဲ့တာဖြစ်ပြီး အသင်းအတွက် ၃၆၈ ပွဲမှာ ၄၁ ဂိုးသွင်း ၊ ၁၀၀ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဘိုင်ယန်ဟာ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ပွဲစဉ်မှာ လာဇီယိုအသင်းနဲ့ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ နယူးကာဆယ်မှာက ဒဏ်ရာပြဿနာတွေများနေသလို ဂျိုလင်တန် ၊ ဝီလော့ခ် ၊ အန်ဒါဆန်အပြင် တိုနယ်လီကလည်း လောင်းကစားပြစ်မှုကြောင့် ပွဲပယ်ခံထားရပါတယ်။

အဆိုပါအခြေအနေတွေကြောင့် နယူးကာဆယ်ဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၄ ပွဲကို အရေးနိမ့်ထားသလို ချန်ပီယံလိဂ်ကနေ ထွက်ခွာထားခဲ့ရပါတယ်။ အက်ဖ်အေ ဖလားမှာတော့ ဖူလ်ဟမ်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ဗီလာနဲ့ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

#နယူးကာဆယ် #ကင်မစ်ချ် #အပြောင်းအရွှေ့ #ဘိုင်ယန်မြူးနစ် #ဟိုဝီ