ရှေ့သို့
Image

ဆော်ဒီကလပ်မှ ထွက်ခွာပြီး အေဂျက်စ်သို့ ပြောင်းရွှေ့တော့မယ့် လီဗာပူး အသင်းခေါင်းဆောင်ဟောင်း ဟန်ဒါဆန်

4:19 PM, 17 January

ပြီးခဲ့တဲ့နွေရာသီက လီဗာပူးမှ ဆော်ဒီကလပ် အယ်လ်အစ်တီဖက်သို့ ပေါင် ၁၂ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပြီး ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့တဲ့ ဂျော်ဒန်ဟန်ဒါဆန်ဟာ ယခုအခါမှာတော့ အသင်းကနေ ထွက်ခွာပြီး အေဂျက်စ်သို့ပြောင်းရွှေ့ဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်။

ကွင်းလယ်လူဟာ တစ်ပတ်လုပ်ခ ပေါင် ၇ သိန်းနဲ့ အရှေ့အလယ်ပိုင်းမှာ ၆ လခန့်သာ ကစားခဲ့ပြီး အခြေကျဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ ယခုအခါမှာတော့ ဟန်ဒါဆန်ဟာ သူ့ရဲ့လီဗာပူး အသင်းဖော်ဟောင်း စတီဗင်ဂျရတ် ကိုင်တွယ်နေတဲ့ အယ်လ်အစ်တီဖက်ကနေ ထွက်ခွာဖို့အတွက် အပြီးသတ်လုပ်ဆောင်နေပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက်-၃၃ နှစ်အရွယ်ကစားသမားဟာ အင်္ဂါနေ့က ဒူဘိုင်းရှိ ဆောင်းရာသီ လေ့ကျင့်ရေးစခန်းမှထွက်ခွာလာခဲ့ပြီး ဥရောပသို့ ရက်ပိုင်းအတွင်းမှာပဲ ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ အေဂျက်စ်ဘက်ကလည်း ဟန်ဒါဆန်အတွက် သဘောတူညီမှုရရှိဖို့ ခက်ခက်ခဲခဲကြိုးစားနေတယ်လို့ သတင်းတွေက ဆိုပါတယ်။

ယခုလအစောပိုင်းကတည်းက ဟန်ဒါဆန်ဟာ ဆော်ဒီအာရေဗျမှ ရုန်းကန်နေရပြီး လူနေမှုဘဝမှာလည်း အသားကျဖို့ခက်ခဲတာကြောင့် ထွက်ခွာဖို့ကြိုးစားနေတယ်လို့ သတင်းတွေကဖော်ပြခဲ့ပါတယ်။ အထူးသဖြင့် ဆော်ဒီရှိ အားကစားရုံများရဲ့ အရည်အသွေးနိမ့်ကျမှုကြောင့် ကစားသမားဟာ စိတ်ပျက်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဆော်ဒီရဲ့ ရာသီဥတုကလည်း ဟန်ဒါဆန်အတွက် ဒုက္ခဖြစ်စေပြီး ကစားသမားဟာ အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်အောက်မှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ကလပ်ရဲ့အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်းခံထားရသော်လည်း ပြိုင်ပွဲစုံမှာ ၁၉ ပွဲသာကစားခဲ့ပြီး ဂိုးဖန်တီးမှု ၅ ကြိမ်သာပြုလုပ်နိုင်ခဲ့ပါတယ်။

အယ်လ်အစ်တီဖက်ဟာ နောက်ဆုံး ၆ ပွဲဆက်နိုင်ပွဲပျောက်ဆုံးထားပြီး အမှတ်ပေးဇယားရဲ့အဆင့် ၈ နေရာမှာ ရပ်တည်နေကာ ထိပ်ဆုံးက အယ်လ်ဟီလယ်နဲ့ ၂၈ မှတ်အထိ ကွာဟနေတာဖြစ်ပါတယ်။ ကွင်းထဲမှာသာမက ဟန်ဒါဆင်ဟာ ကွင်းပြပ ပြဿနာတွေနဲ့လည်း ကြုံတွေနေရပြီး သူ့ရဲ့မိသားစုဟာ ဆော်ဒီမှာ အခြေမကျနိုင်တာကြောင့် အင်္ဂလန် ဒါမှမဟုတ် ဥရောပနိုင်ငံတစ်ခုခုကို ပြောင်းရွှေ့လိုနေကြတာဖြစ်ပါတယ်။

အယ်လ်အစ်တီဖက်အသင်းဘက်ကတော့ ဇန်နဝါရီအစမှာ ဟန်ဒါဆန်ကို လက်လွှတ်ဖို့ တွန့်ဆုတ်နေခဲ့သော်လည်း မကြာသေးမီအချိန်အတွင်းမှာပဲ သဘောထား ပြောင်းလဲသွားခဲ့တယ်လို့ သိရပါတယ်။ သို့သော် တကယ်လို့ ဟန်ဒါဆန်အနေနဲ့ ယခုဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာမယ်ဆိုရင် ဘဏ္ဍာရေးဆိုင်ရာ ကြီးကြီးမားမားထိခိုက်မှုဖြစ်နိုင်ပါတယ်။

ကစားသမားအနေနဲ့ တစ်ပတ်လုပ်ခ ပေါင် ၇ သိန်းအထိ ရရှိနေတာကြောင့် ဝင်ငွေခွန်ကို ပေါင် ၇ သန်းလောက်အထိ ပေးဆောင်ရမှာဖြစ်ပြီး တကယ်လို့ ဆော်ဒီမှာ ၂ နှစ်ကြာအောင် နေထိုင်မယ်ဆိုရင်တော့ ၂၀ ရာခိုင်နှုန်းသာ ပေးဆောင်သွားရမှာဖြစ်ပါတယ်။ ဒါ့အပြင် လီဗာပူးကစားသမားဟောင်းဟာ လိင်တူဆက်ဆံမှုကို တရားဝင်ခွင့်ပြုထားခြင်းမရှိတဲ့ ဆော်ဒီအာရေဗျသို့ ပြောင်းရွှေ့ခဲ့ခြင်းကြောင့် LGBTQ တွေရဲ့ ဝေဖန်မှုနဲ့ရင်ဆိုင်ခဲ့ပါသေးတယ်။

ဟန်ဒါဆန်ဟာ အန်ဖီးလ်မှာရှိနေစဉ်က LGBTQ တွေကိုထောက်ခံတဲ့ လက်ပတ်ကို ဝတ်ဆင်ကစားခဲ့တာဖြစ်ပါတယ်။ ဟန်ဒါဆန်ကတော့ စက်တင်ဘာလတုန်းက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ အဆိုပါ ဝေဖန်မှုတွေကို နားလည်ပေးနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ကစားသမားက “ကျွန်တော့်အပေါ်စိတ်ပျက်မှုတွေနဲ့ ပရိသတ်တွေရဲ့ ဒေါသတွေကို နားလည်ပါတယ်။ ကျွန်တော် ဘာမှမဖြစ်ပါဘူး။ သူတို့အခုလို ခံစားရတာကိုတော့ ကျွန်တော်စိတ်မကောင်းပါဘူး။ ကျွန်တော်က ဘယ်သူ့ကိုမှနာကျင်ခံစားရစေဖို့ မရည်ရွယ်ပါဘူး” “ကျွန်တော့်အနေနဲ့ လူနေမှုအသိုင်းအဝိုင်းကို ကူညီဖို့အမြဲတမ်း ကြိုးစားနေတာကြောင့် ကျွန်တော့်ရဲ့အမြင်ကိုလည်း နားလည်မယ်လို့ထင်ပါတယ်။ ပြီးတော့ ကျွန်တော် ဆော်ဒီကို ပြောင်းရွှေ့တယ်ဆိုတာကလည်း သူတို့ရဲ့ဘောလုံးအဆင့်အတန်းကို တတ်နိုင်သလောက် မြှင့်တင်ပေးဖို့အတွက်ပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ အေဂျက်စ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်က နည်းပြသစ် ဗန့်ရှစ်ပ်ကို ခန့်အပ်ခဲ့ပြီးနောက် ပုံစံကောင်းရနေပြီး ၇ ပွဲနိုင် ၂ ပွဲသရေဆိုတဲ့ ရလဒ်ကောင်းကို ပုံဖော်ထားနိုင်တာဖြစ်ပါတယ်။ အဆိုပါရှုံးပွဲ မရှိတဲ့ မှတ်တမ်းက အေဂျက်စ်ကို အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာကိုပို့ဆောင်ပေးနိုင်ခဲ့သော်လည်း ထိပ်ဆုံးက ပီအက်စ်ဗွီနဲ့ ၂၃ မှတ်အထိ ကွာဟနေသေးတဲ့အပြင် ဒုတိယနေရာ ဖေယင်နုနဲ့လည်း ၁၁ မှတ်အထိကွာဟနေသေးတာဖြစ်ပါတယ်။

အေဂျက်စ်ဟာ ဒီရာသီအစ ၇ ပွဲမှာ ၅ မှတ်သာ ရရှိခဲ့တာကြောင့် ၁၁ ပွဲ ကစားပြီးချိန်မှာ အသင်းနည်းပြ မော်ရိုက်စတီဂျင်ကို ရာထူးကနေ ဖယ်ရှားခဲ့တာဖြစ်ပါတယ်။

#လီဗာပူး #အပြောင်းအရွှေ့ #ဂျော်ဒန်ဟန်ဒါဆန် #အေဂျက်စ် #ဆော်ဒီ