ရှေ့သို့
Image

အောင်ပွဲခံတာနဲ့ပတ်သက်ပြီး ရွိုင်ကိန်းနဲ့ ဂျေမီရက်နပ်တို့ရဲ့ ဝေဖန်မှုတွေကို ပြန်လည် တုံ့ပြန်လိုက်တဲ့ ရက်ရှ်ဖို့ဒ်

3:54 PM, 16 January

မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမား မားကက်ရက်ရှ်ဖို့ဒ်က တော့တင်ဟမ်နဲ့ပွဲမှာ ဂိုးသွင်းယူပြီးနောက် ပြုမူခဲ့တဲ့ သူ့ရဲ့အောင်ပွဲခံအမူအရာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေပြုလုပ်ခဲ့တဲ့ ရွိုင်ကိန်းနဲ့ ဂျေမီရက်နပ်တို့ကို ပြန်လည် တုံ့ပြန်လာခဲ့ပါတယ်။
 
ရွိုင်ကိန်းနဲ့ ရက်နပ်တို့ရဲ့ဝေဖန်မှုတွေကို ယူနိုက်တက်ပရိသတ်တစ်ဦးက ရက်ရှ်ဖို့ဒ်ရဲ့အမူအရာဟာ သူတို့ထင်သလို မဟုတ်ကြောင်း ဆိုရှယ်မီဒီယာမှတစ်ဆင့် ရှင်းပြခဲ့ပြီး ကစားသမားက အဆိုပါရှင်းလင်းချက်ကို ထောက်ခံခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာ ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ပြီး တော့တင်ဟမ်နဲ့ ပွဲမှာလည်း ပြီးခဲ့တဲ့နှစ် မေလနောက်ပိုင်း ပထမဆုံး အိုးလ်ထရက်ဖို့ဒ် သွင်းဂိုးကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ယူနိုက်တက်အတွက် တော့တင်ဟမ်ကို ဦးဆောင်နိုင်မယ့် ဒုတိယဂိုးကို သွင်းယူပေးနိုင်ခဲ့ပေမယ့် ပွဲအပြီးမှာ ၂-၂ ဆိုတဲ့ သရေ ရလဒ်သာ ထွက်ပေါ်ခဲ့ပြီး ရမှတ်တစ်မှတ်သာ ရရှိခဲ့တာဖြစ်ပါတယ်။ ဂိုးသွင်းယူပြီးနောက်မှာ ရက်ရှ်ဖို့ဒ်ဟာ လက်ကို ပါးစပ်ပုံစံ ပိတ်လိုက်ဖွင့်လိုက်လုပ်ပြီး အောင်ပွဲခံကာ  ဒီရာသီမှာ သူနဲ့ အသင်းရဲ့ရုန်းကန်နေရတဲ့ပုံစံအပေါ် ဝေဖန်တဲ့လူတွေကို တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

အသက်-၂၆ နှစ်အရွယ် ကစားသမားက အဆိုပါအမူအရာဟာ ဂျေဒန်ဆန်ချို ဒေါ့မွန်သို့ ပြောင်းရွှေ့မှုကို အင်စတာဂရမ်မှ တစ်ဆင့် မှတ်ချက်ပြုခဲ့တဲ့ သူ့ရဲ့မှတ်ချက်အပေါ် ဒေါသထွက်နေတဲ့ ယူနိုက်တက်ပရိသတ်အချို့ကို ရည်ရွယ်ကြောင်း ရှင်းလင်းခဲ့ပါတယ်။ ဆန်ချိုဟာ အသင်းရဲ့မန်နေဂျာအဲရစ်တန်ဟက်နဲ့ လူသိရှင်ကြားအငြင်းပွားမှုတွေဖြစ်ပွားခဲ့ပြီး စည်းကမ်းပိုင်းဆိုင်ရာ ချိုးဖောက်မှုပြစ်ဒဏ်နဲ့ ယူနိုက်တက်ရဲ့ပထမအသင်း လူစာရင်းမှထုတ်ပယ်ခံခဲ့ပြီး ယခုအခါ အသင်းဟောင်းဒေါ့မွန်ကို အငှားနဲ့ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

ထို့နောက်မှာတော့ ဆန်ချိုက ဒေါ့မွန်မှာလေ့ကျင့်ရေးဆင်းနေတဲ့ပုံကို အင်စတာဂရမ်မှတစ်ဆင့်ဝေမျှခဲ့ရာ ရက်ရှ်ဖို့ဒ်က “ဒါမှ ငါ့ကောင်ကွ” ဆိုပြီး မှတ်ချက်ပြုအားပေးခဲ့တာကြောင့် ယူနိုက်တက်ပရိသတ်အချို့က အဆိုပါထောက်ခံချက်ကို စိတ်အနှောင့်အယှက်ဖြစ်ပြီး ဝေဖန်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ ဒါကြောင့် တော့တင်ဟမ်နဲ့ ပွဲစဉ်က အောင်ပွဲခံပုံမှာ ရက်ရှ်ဖို့ဒ်အနေနဲ့ အဆိုပါဝေဖန်သူ ပရိသတ်တွေကို တုံ့ပြန်ခဲ့တာဖြစ်တယ်လို့ ယူနိုက်တက်ပရိသတ်တစ်ဦးက ဖြေရှင်းလာခဲ့တာဖြစ်ပါတယ်။

သူက “ရက်ရှ်ဖို့ဒ်က ဆန်ချိုရဲ့ ပို့စ်မှာ မှတ်ချက်ပြုခဲ့ပြီး အဲဒီမှတ်ချက်ကို မကျေနပ်နိုင်တဲ့လူတွေကို တုံ့ပြန်ခဲ့တာသာဖြစ်ပါတယ်။ မကျေနပ်တဲ့ပရိသတ်တွေက ရက်ရှ်ဖို့ဒ်ရဲ့ယူနိုက်တက်အပေါ် သစ္စာစောင့်သိမှုကို မေးခွန်းထုတ်ခဲ့ကြတာကြောင့် သူက အခုလို ပါးစပ်ပိတ်နေ ဆိုတဲ့အမူအရာမျိုးပြသခဲ့တာဖြစ်ပါတယ်” လို့ရှင်းပြခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ကလည်း အဆိုပါပို့စ်ကို “ဒီပြဿနာကိုရှင်းပေးလို့ ကျေးဇူးတင်ပါတယ်” လို့ ပြန်လည်ရေးသားခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ ရုန်းကန်နေရတာကြောင့် ဝေဖန်မှုတွေခံနေရပြီး ရွိုင်ကိန်းနဲ့ ရက်နပ်တို့ကလည်း နားလည်မှုလွဲပြီး တော့တင်ဟမ်နဲ့ပွဲက သူ့ရဲ့အောင်ပွဲခံအမူအရာကို အသီးသီးဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။

ကိန်းက “ကျွန်တော်တို့ ဒီထက်ပိုမြင်ချင်ပါတယ်။ သူက ဒီထက်ပိုကောင်းတာကို ပြသထားနိုင်ခဲ့ပြီး အရည်အသွေးရှိတဲ့ ကစားသမားပါ။ ဒါပေမယ့် သူကလူတိုင်းကို စိတ်ပျက်နေတဲ့ပုံစံမျိုး ပြသခဲ့ပါတယ်။ သူ့အနေနဲ့ ယူနိုက်တက်မှာ ကစားနေရတာနဲ့ကို ပျော်ရွှင်နေရမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

ဂျေမီရက်နပ်ကလည်း “သူအဲဒီလို စိတ်ဆိုးစိတ်ပျက်တဲ့ပုံ လုပ်လို့မပါဘူး။ ဘာကြောင့်လဲဆိုတော့ သူကိုယ်တိုင်က အကောင်းဆုံး ပုံစံမပြရသေးလို့ပါ” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #တော့တင်ဟမ် #ရက်ရှ်ဖို့ဒ် #ရွိုင်ကိန်း #ပရီးမီးယားလိဂ် #ဟယ်ရီရက်နက်ပ်