ရှေ့သို့
Image

တိုက်စစ်ပိုင်း အင်အားဖြည့်တင်းနိုင်ရေးအတွက် ဘန်ဇီးမား (သို့) ဖာမီနိုကို အငှားဖြင့်ခေါ်ယူဖွယ်ရှိတဲ့ ချဲလ်ဆီး

2:31 PM, 16 January

ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အသင်းရဲ့တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းနိုင်ဖို့ ကြံရွယ်နေတဲ့ ချဲလ်ဆီးက သူတို့ရဲ့အာရုံတွေကို ဘန်ဇီးမားနဲ့ ဖာမီနိုဆီ ပို့ဆောင်လာနိုင်ပါတယ်။

အသင်းပိုင်ရှင်သစ်တော့ဒ်ဘိုလေ လက်အောက် နှစ်နှစ်တာကာလအတွင်း ကစားသမားပြောင်းရွှေ့ကြေး ပေါင်တစ်ဘီလျံကျော်သုံးစွဲခဲ့ပေမယ့် အနောက်လန်ဒန်ကလပ်က သူတို့စောင့်ကြည့်နေတဲ့ ကစားသမားစာရင်းရှိ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးအတွက် နောက်ထပ်ငွေကြေးတွေကို အခုလအတွင်းမှာ သုံးစွဲလာဖွယ် ရှိနေပါတယ်။

ပြီးခဲ့တဲ့နွေရာသီ၊ ဗီလာရီးရဲလ်မှ ပေါင် ၃၇ သန်းဖြင့် ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူး ဂျက်ဆန်ဟာ အသင်းအတွက် ပြိုင်ပွဲစုံ ၂၃ ပွဲကစား၊ ရှစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါ့အပြင် ဒူးဒဏ်ရာကြောင့် အခုရာသီ အစောပိုင်းကာလတွေကို လွဲချော်ခဲ့တဲ့ ပေါင်သန်း ၅၀ တန်တိုက်စစ်မှူး အန်ကွန်ကူကလည်း ပရီးမီးယားလိဂ်သုံးပွဲကစား၊ တစ်ဂိုး သွင်းယူပေးထားပါတယ်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံး ၁၀ သင်းစာရင်းအနက် ချဲလ်ဆီးက ၂၁ ပွဲကစား၊ ၃၅ ဂိုးသာ သွင်းယူထားနိုင်ပြီး သူတို့ထက်နည်းပါးတဲ့သွင်းဂိုးရှင်ကလပ်တေအဖြစ် မန်ချက်စတာယူနိုက်တက်နဲ့ ဝက်စ်ဟမ်းတို့ပဲ ရှိပါတယ်။ ဒါကြောင့် ချဲလ်ဆီးနည်းပြပိုချက်တီနိုက သွင်းဂိုးနည်းပါးနေမှုပြဿနာကို အခုလအတွင်းမှာ ဖြေရှင်းသွားနိုင်ဖို့ လိုလားနေပြန်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း Mail Sport ရဲ့ဖော်ပြမှုအရ စာချုပ်ဖျက်သိမ်းကြေးပေါင် ၁၀၃ သန်းအထိ ရှိနေတဲ့ နာပိုလီစတား အိုဆီမန်ကို ခေါ်ယူဖို့ ချဲလ်ဆီးက အပြင်းအထန်စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အသက်-၂၅ နှစ်အရွယ် တိုက်စစ်မှူးကလည်း အနောက်လန်ဒန်ကလပ်ဆီ ပြောင်းရွှေ့ဖို့ လမ်းဖွင့်ပေးထားတယ်လို့ သူနဲ့နီးစပ်သူတွေထံမှ သိရပါတယ်။

ဒါပေမယ့် အခုအပြောင်းအရွှေ့က စာချုပ်ဖျက်သိမ်းကြေးပေးမယ်ဆိုရင်ပင် လာမယ့်နွေရာသီကာလမှသာ အရှိန်အဟုန်ဖြင့် ဖြစ်တည်လာဖို့ ရှိနေပါတယ်။ အထူးသဖြင့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအတွက် အိုဆီမန်က ခရီးထွက်နေရတာလည်း အကြောင်းအရာတစ်ရပ်အဖြစ် ပါဝင်နေပါတယ်။

အလားတူ မြို့ခံပြိုင်ဘက်အာဆင်နယ်နဲ့အတူ စောင့်ကြည့်နေတဲ့ အိုင်ဗန်တိုနေးကလည်း ကာလရှည်ပွဲပယ်ပြစ်ဒဏ်မှ လွတ်မြောက်လာပြီးနောက် ဘရန့်ဖို့ဒ်မှာပဲ ဆက်ရှိနေမယ်လို့ ယုံကြည်ရပါတယ်။ ချဲလ်ဆီးအနေဖြင့် ပရီးမီးယားလိဂ်ရဲ့ အမြတ်အစွန်းနှင့် ရေရှည်တည်တံ့မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့လည်း လိုအပ်နေတာကြောင့် အခုလအတွင်း ကာလတိုအငှားစာချုပ်ဖြင့်သာ ခေါ်ယူဖို့ တွန်းအားပေးလာနိုင်ပါတယ်။

The Telegraph သတင်းဌာနရဲ့အဆိုအရ ဖာမီနိုနဲ့ ဘန်ဇီမာတို့ဟာ ချဲလ်ဆီးရဲ့လိုအင်နဲ့ ကိုက်ညီနေတယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဟောင်းက လတ်တလောမှာ ဒူဘိုင်းရှိ အယ်လ်အစ်တီဟတ်ရဲ့ ရာသီဝက်လေ့ကျင့်ရေး အစီအစဉ်မှာ မပါဝင်ခဲ့ဘူးလို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကစားသမားရဲ့ကိုယ်စားလှယ်တွေက ဘန်ဇီမာဟာ အားလပ်ရက်တွေအတွင်း မော်ရစ်သျှကျွန်းမှာရှိနေချိန် အပူတိုင်းမုန်တိုင်းတစ်ခုနဲ့ ထပ်တိုက်တိုးမိလို့ ပိတ်မိနေတယ်လို့ ဆိုခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဘော်လွန်းဒီအော်ဆုရှင်က ပြီးခဲ့တဲ့နွေရာသီမှာ ဆော်ဒီကလပ်ဆီ ပေါင် ၂၅၈ သန်းတန် သုံးနှစ်စာချုပ်ဖြင့် ရောက်ရှိလာခဲ့ပြီး အသင်းအတွက် ၂၄ ပွဲကစား၊ ၁၅ ဂိုး သွင်းယူပေးထားပေမယ့် သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ကောလာဟလတွေလည်း ထွက်ပေါ်နေပြန်ပါတယ်။

အလားတူ ဆော်ဒီမြေဆီ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ရောက်ရှိလာတဲ့ ဖာမီနိုကလည်း ပွဲဦးထွက်မှာ ဟက်ထရစ် သွင်းယူပြီးနောက် ပြိုင်ပွဲစုံ ၁၈ ပွဲအထိ အယ်လ်အာလီအတွက် ပါဝင်ကစားပေးခဲ့ပေမယ့် နောက်ထပ်သွင်းဂိုးတွေ မရှာဖွေနိုင်ခဲ့လို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

#ချဲလ်ဆီး #အပြောင်းအရွှေ့ #ဖာမီနို #ဘန်ဇီးမား