ရှေ့သို့
Image

သူ့ဆီကနေ ဂိုးတွေ အများကြီးရမယ်လို့ မျှော်လင့်မထားဖို့ တော့တင်ဟမ်ပရိသတ်တွေကို သတိပေးခဲ့တဲ့ တီမိုဝါနာ

1:30 PM, 16 January

တော့တင်ဟမ်အသင်းရဲ့တိုက်စစ်ကစားသမား တီမိုဝါနာက သူဟာ ပိုစတီကိုဂလူရဲ့လက်အောက်မှာ မတူညီတဲ့ အခန်းကဏ္ဍကနေ ပါဝင်သွားရမှာဖြစ်တာကြောင့် သွင်းဂိုးတွေအများကြီး ရရှိလိမ့်မယ်လို့ မျှော်လင့်မထားဖို အသင်းရဲ့ပရိသတ်တွေကို သတိပေးစကားပြောကြားခဲ့ပါတယ်။

ဂျာမန်သား တိုက်စစ်မှူးဟာ ယခုလမှာပဲ ဘွန်ဒက်စ်လီဂါကလပ် လိုက်ပ်ဇစ်မှ တော့တင်ဟမ်သို့ အငှားနဲ့ ပြောင်းရွှေ့လာခဲ့ပြီး ၁ နှစ်ခွဲအကြာမှ အင်္ဂလန်မြေကို ပြန်လည်ခြေချလာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မန်ချက်စတာယူနိုက်တက်ကို ၂-၂ နဲ့ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ဝါနာဟာ တော့တင်ဟမ်ကစားသမားဘဝကို စတင်ပွဲထွက်ခဲ့ပြီး ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။

ဝါနာဟာ တော့တင်ဟမ်ရဲ့ သွင်းဂိုးတစ်ဂိုးမှာ ပါဝင်ပတ်သက်နိုင်ခဲ့သော်လည်း ကိုယ်တိုင်တော့ဂိုး သွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ရရှိလာတဲ့ အခွင့်အရေး ၄ ကြိမ်စလုံးကို လွဲချော်ခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ဂျာမန်သားက တော့တင်ဟမ်အတွက် ကစားပေးမယ့် ၆ လအတွင်း သူ့ဆီကနေ ဂိုးတွေများများစားစားမျှော်လင့်မထားဖို့ ပရိသတ်တွေကို ပြောကြားခဲ့ပါတယ်။

ဝါနာက “ကျွန်တော် ချဲလ်ဆီးမှာတုန်းကလည်း ဝေဖန်မှုတွေအများအပြားနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီတုန်းကလည်း အခု ယူနိုက်တက်နဲ့ပွဲမှာ ကစားခဲ့သလို ဘယ်ဘက်ခြမ်းမှာ နေရာယူခဲ့တာပါ။ ချဲလ်ဆီးမှာ ကျွန်တော်ကစားတဲ့ပုံစံက ဂိုးတွေသွင်းဖို့ ဖြစ်ပေမယ့် အခုတော့တင်ဟမ်မှာကတော့ မတူညီတဲ့ ပုံစံနဲ့ပါ။ ကျွန်တော်က ဒီမှာ အဓိက ဂိုးသွင်းမယ့်ကစားသမားဖြစ်ဖို့ မဟုတ်ဘဲ အသင်းရဲ့ နည်းဗျူဟာအရ မန်နေဂျာကစားစေချင်တဲ့ ပုံစံအတိုင်းကစားရမှာပါ။ ဒါကြောင့် ဂိုးသွင်းတာထက် ဒီပွဲမှာလို ဖန်တီးမှုပြုလုပ်ရဖို့က ပိုများနိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ချဲလ်ဆီးမှာ အောင်မြင်တဲ့တိုက်စစ်မှူးတစ်ယောက်ဖြစ်ဖို့ ရုန်းကန်ခဲ့ရတာနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာ ဝါနာက “ဒါက တစ်ခါတလေမှာ အသင်းနဲ့မန်နေဂျာ ဒါမှမဟုတ် ပရိသတ်တွေနဲ့သက်ဆိုင်တာမဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင်နဲ့ သက်ဆိုင်တာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ့်ရဲ့မှတ်တမ်းတွေကို ကြည့်ပြီး ဒီထက်ပိုဂိုးတွေ သွင်းသင့်တယ်လို့ ထင်နေပေမယ့် ဖန်တီးမှုတွေနဲ့ အရှိန်ပြင်းပြင်း ပြေးလွှားကစားမှုတွေကလည်း အသင်းကို အများကြီး အကူအညီဖြစ်စေပါတယ်။ ကျွန်တော့်အနေနဲ့ ဂိုးတွေအများကြီး သွင်းချင်ပေမယ့် အဲဒါကအရေးကြီးတဲ့ အရာမဟုတ်တော့ပါဘူး။ အရေးကြီးဆုံးက ကျွန်တော့်အနေနဲ့ အသင်းရဲ့နည်းဗျူဟာနဲ့ အသင်းဖော်တွေကို အကူအညီဖြစ်စေဖို့ပါ” လို့ပြောကြားခဲ့ပါတယ်။

ပိုစတီကိုဂလူရဲ့အသင်းဟာ လာမယ့် ၂၆ ရက်နေ့မှသာ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်အဖြစ် မန်ချက်စတာစီးတီးနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်တာကြောင့် ကြားထဲမှာ ဆောင်းရာသီအားလပ်ရက်ကို ကောင်းကောင်း အနားယူသွားနိုင်မှာဖြစ်ပါတယ်။

#ချဲလ်ဆီး #တော့တင်ဟမ် #ဝါနာ #ပရီးမီးယားလိဂ်