ရှေ့သို့
Image

ဆီဗီလာသို့ အငှားနဲ့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်တဲ့ ယူနိုက်တက် ကွင်းလယ်လူ ဟန်နီဘယ်

11:24 AM, 16 January

မန်ချက်စတာယူနိုက်တက်က အသင်းရဲ့ကွင်းလယ်လူ ဟန်နီဘယ်ဟာ စပိန်ကလပ် ဆီဗီလာသို့ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီလို့ အတည်ပြုခဲ့ပါတယ်။

အသက်-၂၀ နှစ်အရွယ် တူနီးရှားလက်ရွေးစင် ကစားသမားဟာ ယူနိုက်တက်ကစားသမားဘဝ အဲရစ်တန်ဟက် လက်အောက်မှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။ ယခုအခါ အငှားစာချုပ်မှာ အပြီးသတ်ဝယ်ယူခွင့်လည်း ပါဝင်နေတာကြောင့် ဟန်နီဘယ်အနေနဲ့ အိုးလ်ထရက်ဖို့ဒ်ကနေ အပြီးအပိုင်ထွက်ခွာဖို့လည်း အလားအလာရှိလာနိုင်တာဖြစ်ပါတယ်။

ကစားသမားအနေနဲ့ ဝီဂန်နဲ့ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် ၁ မိနစ်ခန့်ပါဝင်ခဲ့တဲ့ အချိန်က ယူနိုက်တက် ကစားသမားဘဝ နောက်ဆုံး ပွဲစဉ်ဖြစ်နိုင်သော်လည်း ဆာဂျင်မ်ရက်ကလစ်ဖ်ကတော့ ယခုစာချုပ်ထဲမှာ ပြန်လည် ဝယ်ယူခွင့်သဘောတူညီချက်ကိုလည်း ထည့်သွင်းထားခဲ့တာဖြစ်ပါတယ်။ ဟန်နီဘယ်ဟာ ဆီဗီလာမှာ ရှိနေတဲ့ ယူနိုက်တက်ကစားဟောင်း ယာနူဇေး နဲ့ပြန်လည် ဆုံတွေ့သွားမှာဖြစ်ပါတယ်။

ယူနိုက်တက်က  “မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဟန်နီဘယ်ဟာ ၂၀၂၃-၂၄ ရဲ့ လက်ကျန်ရာသီကို ဆီဗီလာသို့ အငှားနဲ့ ပြောင်းရွှေ့သွားမှာဖြစ်ပါတယ်။ တူနီးရှား လက်ရွေးစင် ကစားသမားဟာ ဆီဗီလာအတွက် ကျန်ရှိတဲ့ လာလီဂါပွဲစဉ်တွေမှာ အကူအညီပေးသွားမှာဖြစ်ပါတယ်” “ဆီဗီလာက လာလီဂါအမှတ်ပေးဇယားမှာ တန်းဆင်းဇုန်ရဲ့အပေါ် အဆင့် ၁၇ နေရာမှာ ရပ်တည်နေတာကြောင့် ဟန်နီဘယ်အနေနဲ့ အသင်းကိုပိုမိုအားကောင်းပြီး အဆင့်တက်လာအောင် စွမ်းဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အသင်းရဲ့ကစားသမားဟောင်း ယာနူဇေးကလည်း ဆီဗီလာမှာ ရှိနေတုန်းပါ” လို့ထုတ်ပြန်ကြေညာခဲ့ပါတယ်။

စာချုပ်အရ အပြီးသတ်ဝယ်ယူခွင့်လည်းပါဝင်ပြီး ဆီဗီလာအနေနဲ့ ဝယ်ယူမယ်ဆိုက ပေါင် ၁၇ သန်း ဝန်းကျင်ခန့် ကုန်ကျသွားမှာဖြစ်ပါတယ်။ ကွင်းလယ်တိုက်စစ်ကစားသမားဟာ ယူနိုက်တက်အတွက် စုစုပေါင်း ၁၃ ပွဲသာ ပါဝင်ကစားခဲ့ပြီး သွင်းဂိုး ၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ဟန်နီဘယ်ဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်စီးတီးသို့ အငှားနဲ့ သွားရောက်ကစားခဲ့ပြီး ပြိုင်ပွဲစုံ ၄၁ ပွဲအထိ ပါဝင်ခွင့်ရခဲ့ပါတယ်။ ယခုအခါမှာတော့ ကွင်းလယ်လူဟာ လာလီဂါ ကစားသမားဘဝကို စတင်တော့မှာဖြစ်ပြီး လာမယ့်အပတ်မှာ ပွဲဦးထွက်အဖြစ် အမှတ်ပေးဇယားထိပ်ဆုံးက ဂျီရိုနာနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဆီဗီလာ #အပြောင်းအရွှေ့ #ဟန်နီဘယ်