ရှေ့သို့
Image

ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားအသင်းကို ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲမှာလည်း ဦးဆောင်သွားမယ့် နည်းပြစကာလိုနီ

10:55 AM, 16 January

အခုနှစ်ဇွန်လအတွင်း အမေရိကန်နိုင်ငံမှာကျင်းပမယ့် ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲမှာ နည်းပြ စကာလိုနီက ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားအသင်းကို ဆက်လက်ဦးဆောင်သွားလိမ့်မယ်လို့ နာမည်ကျော် ဂျာနယ်လစ်တွေဖြစ်တဲ့ ဂတ်စတွန်အီဒူးလ်နဲ့ ဖာဘရီဇီယိုရိုမာနိုတို့ရဲ့အဆိုအရ သိရပါတယ်။

အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ အစည်းအဝေးတစ်ခုအတွင်း အဖွဲ့ချုပ်ဥက္ကဋ္ဌတာပီယာနဲ့ နည်းပြစကာလိုနီတို့ တွေ့ဆုံကာ အနာဂတ်နဲ့ပတ်သက်လို့ ထွက်ပေါ်နေတဲ့ မေးခွန်းတွေကို အဆုံးသတ်နိုင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ စကာလိုနီက အာဂျင်တီးနား အသင်းကို ကိုပါအမေရိကချန်ပီယံဆုနဲ့ ကာတာကမ္ဘာ့ဖလား ချန်ပီယံဆုတွေ ဆွတ်ခူးနိုင်အောင် လမ်းညွှန်ပေးခဲ့ပါတယ်။

မကြာသေးမီလတွေအတွင်း အာဂျင်တီးနားနည်းပြက လက်ရှိတာဝန်ကို ဆက်လက်ထမ်းဆောင်ဖို့ ခက်ခဲနေတယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။ ဒါပေမယ့် သီတင်းပတ်များစွာ သုံးသပ်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် သူ့ရဲ့နိုင်ငံ့လက်ရွေးစင်အသင်းကို ဆက်လက်တာဝန်ယူပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကာတာမြေမှာ ဆော်ဒီနဲ့ ရင်ဆိုင်ရတဲ့ အုပ်စုအဖွင့်ပွဲစဉ်ကို အရေးနိမ့်ပြီးနောက် အခုလိုခါးသီးစရာ အတွေ့အကြုံတွေကို ခက်ခဲတဲ့အခိုက်အတန့်တွေမှာ အရေးပါတဲ့ စည်းလုံးညီညွှတ်မှုတစ်ခုအဖြစ် ပြသနိုင်တဲ့ အသင်းတစ်ခုကို စကာလိုနီက သူ့ရဲ့ နည်းစနစ်၊နည်းဗျူဟာတွေနဲ့အတူ တည်ဆောက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူက အတွေ့အကြုံရင့်ကစားသမားတွေနဲ့ လူငယ်သွေးသစ်တွေကို တွဲဖက်ကစားနိုင်အောင် စီမံပေးခဲ့ပြန်ပါတယ်။

ဘောလုံးဂန္တဝင်မက်ဆီနဲ့အတူ ကမ္ဘာ့ဖလားအောင်ပွဲကို ရယူနိုင်ပြီးနောက် တစ်နှစ်အကြာ စကာလိုနီက ၂၀၂၆ ကမ္ဘာ့ဖလား(တောင်အမေရိကဇုန်) ခြေစစ်ပွဲစဉ်တွေမှာလည်း အသင်းရဲ့ပုံစံကောင်းကို ဆက်လက်ထိန်းသိမ်းနိုင်အောင် စီမံထားနိုင်ပါတယ်။ ဥရုဂွေးကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ပေမယ့် အာဂျင်တီးနား အသင်းက အစဉ်အလာပြိုင်ဘက်ကြီး ဘရာဇီးကို အနိုင်ယူကာ လမ်းကြောင်းမှန်ပေါ် ချက်ချင်းပြန်လည်တက်လှမ်းလာခဲ့ပါတယ်။

#စကာလိုနီ #ကိုပါအေမရိက #အာဂျင်တီးနား