ရှေ့သို့
Image

ဥရောပဘောလုံးရပ်ဝန်းဆီ ပြန်သွားနိုင်မယ့် လမ်းကြောင်းတွေ ပိတ်ဆို့ခံရပြီးနောက် ဆော်ဒီမှာပဲ ဆက်နေရဖွယ်ရှိတဲ့ ဟန်ဒါဆန်

4:21 PM, 15 January

အခုဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အယ်လ်အစ်တီဖက်က ဂျော်ဒန်ဟန်ဒါဆန်ကို ရောင်းချသွားဖို့ ဆန္ဒမရှိလို့ ကစားသမားဟာ ဆော်ဒီပရိုလိဂ်မှ ထွက်ခွာရဖို့ မဖြစ်နိုင်သေးဘူးလို့ သတင်းတွေအရ သိရပါတယ်။

လွန်ခဲ့တဲ့သီတင်းပတ်နှစ်ပတ်လောက်က ဟန်ဒါဆန်နဲ့ သူ့ရဲ့မိသားစုဟာ ဆော်ဒီမြေမှာ လိုက်လျောညီထွေ မဖြစ်ဘဲ အရှေ့အလယ်ပိုင်းဒေသခရီးစဉ်ခြောက်လအကြာမှာ ပရီးမီးယားလိဂ်ရပ်ဝန်းဆီ ပြန်လာဖို့ စောင့်မျှော်နေတယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ကလပ်အသင်းဖော်ဟောင်းစတီဗင်ဂျရတ်ကိုင်တွယ်နေတဲ့ အယ်လ်အစ်တီဖက်ဆီ လီဗာပူးကပ္ပတိန်ဟောင်းက ပြီးခဲ့တဲ့နွေရာသီကာလအတွင်း ပြောင်းရွှေ့ကြေးပေါင် ၁၂ သန်းဖြင့် ရောက်ရှိလာခဲ့တာပါ။

လက်ရှိမှာ အင်္ဂလန်မြေဆီ ပြန်လာနိုင်ဖို့ မဖြစ်နိုင်သေးပေမယ့် အေဂျက်စ်၊ ဂျူဗင်တပ်စ်တို့ကတော့ ကစားသမားနဲ့အတူ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ အငှားပြောင်းရွှေ့မှုက ဟန်ဒါဆန်အတွက် တစ်ခုတည်းသော လွတ်မြောက်ရာလမ်း ဖြစ်လာနိုင်မယ်လို့ ယူဆရပေမယ့်လည်း ကစားသမားအတွက် အရှေ့အလယ်ပိုင်းဒေသမှာ တစ်ပတ်လုပ်ခလစာ ပေါင်ခုနစ်သိန်းနီးပါး ပေးချေနေရမှုကတော့ ရှုပ်ထွေးမှုတွေ ဖြစ်လာစေပါမယ်။

နှစ်သင်းလုံးကတော့ အတွေ့အကြုံရင့် အင်္ဂလန်ဝါရင့်ကွင်းလယ်လူကို ခေါ်ယူဖို့ စိတ်ပိုင်းဖြတ်ထားသလို ကစားသမားကိုယ်တိုင်ကလည်း ယူရို-၂၀၂၄ ပြိုင်ပွဲဝင် ဆောက်ဂိတ်ရဲ့အသင်းမှာ နေရာတစ်နေရာရရှိရေးအတွက် ဥရောပဘောလုံးရပ်ဝန်းဆီ ပြန်လာဖို့ မျှော်လင့်နေပါတယ်။ ဒါပေမယ့် Daily Mail သတင်းဌာနကတော့ အယ်လ်အစ်တီဖက်အသင်းဟာ သူတို့ရဲ့ကြယ်ပွင့်ကစားသမားကို အသင်းမှ ထွက်ခွာခွင့်ပေးဖို့ လုံးဝစိတ်မဝင်စားဘူးလို့ ဖော်ပြလာပါတယ်။

ဆော်ဒီပရိုလိဂ်ရဲ့ဆောင်းရာသီအားလပ်ရက်ကာလအတွင်း အသင်းရဲ့ သီတင်းနှစ်ပတ်ကြာလေ့ကျင့်ရေး အစီအစဉ်ဆီ ပူးပေါင်းနိုင်ဖို့ ဟန်ဒါဆန်က ပြီးခဲ့တဲ့စနေနေ့မှာ အဘူဒါဘီမြို့ဆီ လေကြောင်းခရီးဖြင့် ထွက်ခွာသွားပါတယ်။ ဒီခရီးစဉ်အတွင်းမှာပဲ ကလပ်အသင်းတာဝန်ရှိသူတွေက အင်္ဂလန်ကြယ်ပွင့်ကို သူ့ရဲ့အခြေအနေတွေနဲ့ သူ့ကို အသင်းမှထွက်ခွာခွင့်ပေးဖို့ လုံးဝမရှိဘူးဆိုတာ ပြောကြားလိမ့်မယ်လို့ Daily Mail ရဲ့သတင်းမှာ ဆက်လက်ဖော်ပြခဲ့ပါတယ်။

ဆောင်းရာသီအားလပ်ရက်မတိုင်ခင် ရလဒ်ပိုင်းယိမ်းယိုင်မှုတွေကြောင့် ဖိအားတွေအောက် ရောက်ရှိနေတဲ့ နည်းပြဂျရတ်ကလည်း သူ့ရဲ့အသင်းဖော်ဟောင်းကို ဆက်ထိန်းထားနိုင်ဖို့ လိုလားနေပါတယ်။

#လီဗာပူး #အပြောင်းအရွှေ့ #ဒင်းဟန်ဒါဆန်