ရှေ့သို့
Image

ဘာစီလိုနာကိုသွင်းယူခဲ့တဲ့ ဂိုးတွေက ရော်နယ်ဒိုအတွက်ဖြစ်တယ်လို့ ပြောကြားလာတဲ့ ဗင်နီစီးယက်စ်

1:29 PM, 15 January

ယနေ့နံနက်က ဘာစီလိုနာကို ၄-၁ နဲ့အနိုင်ရရှိခဲ့တဲ့ စပိန်စူပါဖလား ဗိုလ်လုပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အတွက် ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ဗင်နီစီးယက်စ်က ဂိုးတွေသွင်းယူပြီး အောင်ပွဲခံခဲ့တဲ့ပုံစံက ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်း ခရစ္စတီယာနိုရော်နယ်ဒိုအတွက်ဖြစ်တယ်လို့ပြောကြားလာခဲ့ပါတယ်။

ပွဲအပြီးမှာ ဘရာဇီးလ်သားက “ဒီနေ့မှာအနိုင်ရရှိခဲ့တဲ့ဖလား၊ ကျွန်တော်သွင်းယူခဲ့တဲ့ဂိုးတွေနဲ့ အသင်းရဲ့ကစားပုံ အားလုံးကို ကျေနပ်မိပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့ ကာယကုထုံးသမားတွေ၊ ဆရာဝန်တွေနဲ့ နည်းစနစ်ပိုင်းက နည်းပြတွေအားလုံးကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ သူတို့က ကျွန်တော်တို့ကို ယုံကြည်ပေးခဲ့ပြီး သက်တောင့်သက်သာဖြစ်အောင်လည်း ကူညီပေးခဲ့ကြပါတယ်။ ဒါပေမယ့် ကျွန်တော်က ၃ ပွဲပဲကစားရသေးလို့ အကောင်းဆုံးပုံစံပြန်မရသေးပါဘူး။ ဒါပေမယ့် ဒီနေ့စွမ်းဆောင်ရည်ကို အရမ်းကျေနပ်ပြီး ဒီအတိုင်းပဲဆက်သွားချင်ပါတယ်”

“ဒီနေ့ ကျွန်တော့်ရဲ့ အောင်ပွဲခံခဲ့တဲ့ အပြုအမူတွေက ဒီဆော်ဒီမြေမှာကစားနေတဲ့ ကျွန်တော့်ရဲ့စံပြကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုတွက် ဖြစ်ပါတယ်။ ဒီနိုင်ငံကပရိသတ်တွေ သူ့ကိုအားပေးချစ်ခင်ကြတာမြင်ရလို့လည်း အရမ်းဝမ်းသာပါတယ်။ ဒီနေ့ ကျွန်တော်တို့ပြသနိုင်ခဲ့တဲ့ ခြေစွမ်းကိုလည်း အရမ်းစိတ်လှုပ်ရှားမိပါတယ်။ ဘာစီလိုနာလိုအသင်းမျိုးကို ၄-၁ နဲ့အနိုင်ရဖို့ဆိုတာ တကယ်မလွယ်ပါဘူး။ ကျွန်တော်တို့ ပြီးပြည့်စုံလုနီးပါး စွမ်းဆောင်နိုင်ခဲ့ကြပေမယ့် လီဝန်ဒေါစကီးရဲ့သွင်းဂိုးကိုတော့ ခွင့်ပြုခဲ့ရပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ကွင်းအတွင်း စည်းကမ်းချက်တွေနဲ့ပတ်သက်ပြီး ဗင်နီစီးယက်စ်က “နည်းပြက ကျွန်တော့်ကိုသင်ကြားပေးနေသလို ကျွန်တော်ကလည်း ပွဲစဉ်တိုင်းကနေ သင်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။ ဒဏ်ရာရနေတုန်းကလည်း အိမ်ကနေ ဘောလုံးပွဲတွေကြည့်ပြီးသင်ယူနေပါတယ်။ ကျွန်တော်က ဒီထက်ပိုကောင်းတဲ့ကစားသမားဖြစ်ချင်တာပါ။ အသင်းဖော်တွေကိုလည်း တွန်းအားပေးပြီး ဒီထက်ပိုတိုးတက်လာပြီး ဒီလမ်းကြောင်းအတိုင်းဆက်သွားနိုင်ရပါမယ်”

“ကျွန်တော်နဲ့ပတ်သက်တဲ့ ပြဿနာတွေကတော့ ကျွန်တော့်ကို စိတ်ဓာတ်ကျစေပါတယ်။ ကျွန်တော်က ပွဲကိုအာရုံစိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ကစားနိုင်ဖို့ကြိုးစားပေမယ့် တစ်ခါတလေမှာ မလုပ်သင့်တာတွေလုပ်မိပါတယ်။ စကားအရမ်းများမိတာတို၊ ပွဲထဲမှာမလိုအပ်ဘဲ လိမ်ခေါက်နေမိတာတွေပေါ့။ ကျွန်တော်က ကွင်းထဲမှာ လာကြည့်တဲ့ကလေးတွေအတွက် စံပြကစားသမားဖြစ်တယ်ဆိုတာ သက်သေပြဖို့လိုပါတယ်။ ကျွန်တော် ဒီထက်ပိုတိုးတက်ချင်ပြီး အသင်းရဲ့နည်းပြနဲ့ အသင်းဖော်တွေကို ကျွန်တော်ဘာလုပ်နိုင်တယ်ဆိုတာ ပြသချင်ပါတယ်” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။

#ဘာစီလိုနာ #ရီးရဲလ်မက်ဒရစ် #ရော်နယ်ဒို #ဗင်နီစီးယက်စ် #စပိန်စူပါဖလား