ရှေ့သို့
Image

လီဗာပူးဆီ ပြောင်းရွှေ့လာခြင်းမှာ ယာဂန်ကလော့ပ်ရှိနေမှုကလည်း အချက်တစ်ခုအဖြစ် ပါဝင်တယ်လို့ ဆိုလိုက်တဲ့ ဗန်ဒိုက်

12:58 PM, 15 January

လီဗာပူးနောက်ခံလူဗန်ဒိုက်က ပြင်သစ်အခြေစိုက်နာမည်ကြီးသတင်းဌာန L’Equipe ရဲ့ ဇန်နဝါရီအထူးကဏ္ဍအတွက် အင်တာဗျူးအစီအစဉ်ကို လက်ခံဖြေဆိုပေးခဲ့ပါတယ်။

ဒီအင်တာဗျူးအစီအစဉ်မှာ ၂၀၁၈ နှစ်ဆန်းပိုင်း၊ ဆောက်သမ်တန်မှ ပြောင်းရွှေ့ကြေးယူရို ၈၄ သန်းဖြင့် ရောက်ရှိလာပြီးနောက် လီဗာပူးမှာ ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ခဲ့ပုံဟာ အဓိကကဏ္ဍအဖြစ် ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် နယ်သာလန်အသင်းခေါင်းဆောင်က သူ့ရဲ့ကစားသမားဘဝမှာ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်ရဲ့အကျိုးသက်ရောက်မှုကို ချီးကျူးပြောဆိုခဲ့ပြီး ဂျာမန်လူမျိုးနည်းပြကြီးဟာ သူနဲ့ ကလပ်အသင်းအတွက် အံမခန်းထူးကဲတဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့ သုံးသပ်လိုက်ပါတယ်။

ဗန်ဒိုက်က “ကျွန်တော့်မှာ ယာဂန်ကလော့ပ်နဲ့ ကွင်းတွင်းကွင်းပြင် ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခု ရှိထားပါတယ်။ ကျွန်တော်တို့တွေ အရမ်းရင်းနှီးပါတယ်။ ပထမဆုံးနေ့၊ ပထမဆုံးအကြိမ် စကားပြောဆိုမှုအပြီးမှာ ကျွန်တော်တို့အကြား စစ်မှန်တဲ့ဆက်စပ်မှုတစ်ခုတော့ ရှိနေပြီလို့ ခံစားမိခဲ့ပါတယ်။ ကျွန်တော် လီဗာပူးဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တဲ့အချက်တွေအနက် ယာဂန်ကလော့ပ်ရှိနေခြင်းကလည်း တစ်ချက် ပါဝင်ပါတယ်။ ကျွန်တော့်ကစားသမားဘဝမှာ သူလုပ်ပေးခဲ့တဲ့ အရာရာတိုင်းအတွက် အမြဲတမ်း ကျေးဇူးတင်နေရပါလိမ့်မယ်”လို့ ပြောပါတယ်။

အခုလိုဂုဏ်သိက္ခာကြီးမားလှတဲ့ ကလပ်အသင်းကြီးတစ်ခုမှာ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလမှစတင်ကာ ဂျာမန်သားနည်းပြကြီး ကာလရှည်ရှိနေခဲ့ခြင်းရဲ့ လျှို့ဝှက်ချက်က ဘာဖြစ်မလဲဆိုတဲ့ မေးမြန်းမှုအပေါ် အသက်-၃၂ နှစ်အရွယ် ဗဟိုခံစစ်မှူးက “ကလော့ပ်မှာ အရည်အသွေးတွေ အများကြီးရှိပါတယ်။ သူက အံ့သြလောက်စရာကလပ်အသင်းတစ်ခုမှာ ရှိနေတဲ့ အံ့ဖွယ်ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ သူကိုယ်တိုင်ရော၊ ကလပ်အသင်းရဲ့စံနှုန်းတန်ဖိုးတွေရော၊ အသင်းပရိသတ်တွေရော အားလုံးပေါင်းစပ်ပြီး အခုလို အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာပါ။ ဒီလိုအောင်မြင်မှုခရီးစဉ်မှာ ပါဝင်နိုင်လို့ ကျွန်တော် အတော်လေးကံကောင်းပါတယ်”လို့ ပြန်ဖြေခဲ့ပါတယ်။

#လီဗာပူး #ဗန်ဒိုက် #ကလော့ပ် #ပရီးမီးယားလိဂ်