ရှေ့သို့
Image

ဗင်နီစီးယက်စ်ရဲ့ ဟက်ထရစ်နဲ့အတူ စပိန်စူပါဖလားဆွတ်ခူးခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

9:39 AM, 15 January

ယနေ့နံနက်က စပိန်စူပါဖလား ဗိုလ်လုပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ဟာ အသင်းရဲ့တောင်ပံကစားသမား ဗင်နီစီးယက်စ်ဂျူနီယာရဲ့ ပထမပိုင်း ဟက်ထရစ်သွင်းဂိုးနဲ့အတူ တစ်ယောက်လျော့ဘာစီလိုနာကို ၄-၁ နဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။

ဘရာဇီးလ်လက်ရွေးစင် ကစားသမားဟာ ပွဲအစ ၁၀ မိနစ်မှာပဲ ၂ ဂိုး ဆက်တိုက်သွင်းယူခဲ့ပြီး ဘာစီလိုနာအတွက် ချေပဂိုး တစ်ဂိုးကိုတော့ ပွဲကစားချိန် ၃၃ မိနစ်မှာ လီဝန်ဒေါစကီးက သွင်းယူပေးခဲ့ပါတယ်။ ၆ မိနစ်အကြာမှာပဲ ဗင်နီစီးယက်စ် ဟက်ထရစ်ဖြစ်စေမယ့်သွင်းဂိုးကို ပင်နယ်တီမှ တစ်ဆင့် ထပ်မံသွင်းယူခဲ့တာကြောင့် ပထမပိုင်းမှာ ရီးရဲလ်မက်ဒရစ်က ဘာစီလိုနာကို ၃-၁ နဲ့ဦးဆောင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ်အနိုင်ပြတ်သားစေမယ့် ပွဲသိမ်းဂိုးကိုတော့ ဒုတိယပိုင်း ၆၄ မိနစ်မှာ ရိုဒရီဂိုက ထပ်မံသွင်းယူခဲ့ပြီး ဇာဗီရဲ့အသင်းက ပြန်လည်ဂိုးသွင်းယူနိုင်ခြင်းမရှိလို့ ၄-၁ နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ ချေပဂိုးမရခဲ့တဲ့အပြင် ဘာစီလိုနာဟာ အသင်းရဲ့နောက်ခံလူ ရိုနယ်အာရော်ဟိုက ၇၁ မိနစ်မှာ ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် ကျန်တဲ့ပွဲကစားချိန်တွေကို ကစားသမား ၁၀ ယောက်တည်းနဲ့ကစားခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီဝက်အတွင်း လာလီဂါပွဲစဉ်မှာ ဘာစီလိုနာနဲ့ ရင်ဆိုင်ခဲ့တုန်းကလည်း အန်ဆယ်လော့တီရဲ့အသင်းက အနိုင်ရရှိခဲ့တာဖြစ်ပြီး ယခုအခါ အမှတ်ပေးဇယားမှာလည်း ဇာဗီရဲ့အသင်းကို ၇ မှတ်အထိ ဖြတ်ထားနိုင်တာဖြစ်ပါတယ်။  ယခုတွေ့ဆုံမှုဟာ လာလီဂါ အယ်လ်ကလက်စီကိုမှာရှုံးနိမ့်ထားတဲ့ ဘာစီလိုနာအတွက် လက်တုံ့ပြန်ဖို့ အခွင့်အရေးကောင်းဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ်ကို လုံးဝမယှဉ်နိုင်ဘဲ ဂိုးပြတ်အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

ယခုရရှိခဲ့တဲ့ စပိန်စူပါဖလားဟာ ကွင်းလယ်လူ ဂျုဘယ်လင်ဟမ်အတွက် ရီးရဲလ်မက်ဒရစ် ကစားသမားဘဝ ပထမဆုံးဆုဖလားဖြစ်လာခဲ့ပြီး ကစားသမားဟာ ပွဲအပြီးမှာ ပျော်ပျော်ရွှင်ရွှင်ပဲ အောင်ပွဲခံခဲ့ပါတယ်။ ဘာစီလိုနာမှ ဖာရန်တောရက်စ်နဲ့ လီဝန်ဒေါစကီးတို့က ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့သေးသော်လည်း ရီးရဲလ်နောက်တန်းက အမှားအယွင်းမရှိ ပိတ်ဆို့ကာကွယ်နိုင်ခဲ့တာကြောင့် ချေပဂိုးတွေနဲ့ လွဲချော်ခဲ့တာဖြစ်ပါတယ်။

ဇာဗီက ဂျိုအိုဖီးလစ်ဇ်၊ ဖာမင်လိုပက်ဇ်နဲ့ လာမိုင်းယာမယ်တို့ကို ထည့်သွင်းပြီး တိုက်စစ်မြှင့်တင်ခဲ့သေးသော်လည်း လုံလောက်တဲ့ ကြိုးစားအားထုတ်မှုမျိုး မပြုလုပ်နိုင်ခဲ့တာကြောင့် လိုအပ်နေတဲ့ သွင်းဂိုးတွေ ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ကြပါဘူး။ ဘာစီလိုနာမှ တစ်ယောက်လျော့သွားတဲ့အခြေအနေမှာတော့ အန်ဆယ်လော့တီက ပွဲကိုအသာအယာပဲ ထိန်းချုပ်ဖို့အတွက် ရိုဒရီဂို၊ ဗင်နီစီးယက်စ်နဲ့ ဘယ်လင်ဟမ်တို့ကို လူစားလဲပြီး အနိုင်ရလဒ်ကို ဆက်လက်ထိန်းသိမ်းသွားခဲ့တာြဖစ်ပါတယ်။

#ဘာစီလိုနာ #ရီးရဲလ်မက်ဒရစ် #ဗင်နီစီးယက်စ် #စပိန်စူပါဖလား