ရှေ့သို့
Image

ဂျီနိုအာနောက်ခံလူ ဒရာဂူဆင်အတွက် ပေါင် ၂၅ သန်းနဲ့ အပြီးသတ်ခေါ်ယူခဲ့တဲ့ တော့တင်ဟမ်

10:30 AM, 12 January

တော့တင်ဟမ်အသင်းဟာ ဂျီနိုအာနောက်ခံလူ ရာဒူဒရာဂူဆင်ကိုခေါ်ယူဖို့ ပေါင် ၂၅ သန်းနဲ့ အပြီးသတ် ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။

ဂျာမနီကလပ်လိုက်ပ်ဇစ်မှ တီမိုဝါနာကိုခေါ်ယူပြီးနောက် အသက်-၂၁ နှစ်အရွယ် နောက်ခံလူက ယခုဇန်နဝါရီ အပြောင်းကာလမှာ တော့တင်ဟမ်အတွက် ဒုတိယမြောက်ခေါ်ယူမှုဖြစ်လာခဲ့ပါတယ်။ ရိုမေးနီးယားလက်ရွေးစင် အသင်းအတွက် ၁၃ ပွဲအထိ ပါဝင်ကစားခွင့်ရရှိထားတဲ့ ဒရာဂူဆင်ဟာ ဒီရာသီမှာ ဂျီနိုအာအသင်းအတွက် ပွဲထွက်ကစားသမားအဖြစ် ၂၂ ပွဲဆက်တိုက်ပါဝင်ခွင့်ရရှိထားပါတယ်။

သဘောတူညီမှုရဲ့တစ်စိတ်တစ်ပိုင်းအရ တော့တင်ဟမ်နောက်ခံလူ ဒီဂျက်ဒ်စပန့်စ်က ဂျီနိုအာအသင်းမှာ အငှားနဲ့သွားရောက်ကစားသွားမှာ ဖြစ်ပါတယ်။ ၂၀၃၀ ခုနှစ် နွေရာသီအထိ တော့တင်ဟမ်နဲ့ စာချုပ် ချုပ်ဆိုသွားမယ့် ဒရာဂူဆင်ဟာ ကစားသမားဘဝကို ဂျူဗင်တပ်စ်မှာစတင်ခဲ့ပြီး ဂျီနိုအာမှာ အငှားနဲ့ သွားရောက်ကစားကာ ပြီးခဲ့တဲ့နွေရာသီကမှ အပြီးသတ်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ကလည်းနောက်ခံလူကို စိတ်ဝင်စားကြောင်းဖော်ပြခဲ့ပေမယ့် ယခုအခါမှာတော့ တော့တင်ဟမ်ဗဟိုခံစစ်မှူး အဲရစ်ဒိုင်ယာကိုသာ အငှားနဲ့ခေါ်ယူသွားခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင် အသင်းအတွက် ၄၉ ပွဲအထိ ပါဝင်ကစားထားတဲ့ အသက်-၂၉ နှစ်အရွယ် ဒိုင်ယာဟာ ‌တော့တင်ဟမ်ရဲ့ စီနီယာအသင်းမှာတော့ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။

ကစားသမားဟာ ဂျာမန်ချန်ပီယံတွေထံကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး  ဘိုင်ယန်မြူးနစ်ဘက်မှ အပြီးသတ်ဝယ်ယူခွင့်လည်း ပါဝင်တယ်လို့သိရပါတယ်။ တော့တင်ဟမ်အသင်းဟာ ယခုရာသီမှာ အသင်းရဲ့ ဗဟိုခံစစ်ကစားသမားတွေဖြစ်တဲ့ ခရစ်ရှင်ရိုမဲရိုးနဲ့ မစ်ကီဗန်ဒီဗန်တို့ ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့နေရတာကြောင့် ဈေးကွက်ထဲမှာ ဗဟိုခံစစ်ကစားသမားကို ရှာဖွေနေခဲ့တာဖြစ်ပါတယ်။

အသင်းနည်းပြ ပိုစတီကိုဂလူက ဘန်ဒေဗီးစ်နဲ့ အီမာဆင်ရွိုင်ယယ်တို့ကို ပြီးခဲ့တဲ့ရက်သတ္တပတ်များအတွင်းမှာ နောက်ခံနေရာအတွက် အသုံးချခဲ့ပါတယ်။ ဂျီနိုအာရဲ့ဘော်ဒီဂတ်လို့ အမည်ရနေတဲ့ ဒရာဂူဆင်ဟာ ပြီးခဲ့တဲ့ရာသီက ဂျီနိုအာရဲ့ စီးရီးဘီလိဂ်ပွဲစဉ်အားလုံးကို ပွဲထွက်ကစားခဲ့ပြီး အမှတ်ပေးဇယားအတွင်း ဒုတိယပေးဂိုးအနည်းဆုံး အသင်းအဖြစ် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ယခုရာသီ စီးရီးအေသို့ရောက်ချိန်မှာလည်း ဗဟိုနောက်ခံလူဟာ ခြေစွမ်းကောင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ပြီး အရည်အ‌သွေးမြင့် ကစားသမားတစ်ဦးဆိုတဲ့အချက်ကို သက်သေပြထားနိုင်တာဖြစ်ပါတယ်။ အမြင့်ဘောဖြတ်ထုတ်မှုပိုင်းမှာ အားသာတဲ့ ဒရာဂူဆင်ဟာ ပြိုင်ဘက်ရဲ့ တည်ကန်ဘောတွေကို အရှင်းထုတ်နိုင်ဆုံး နောက်ခံလူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လျင်မြန်တဲ့ နေရာယူပုံနဲ့ ထက်မြက်တဲ့ကစားဟန်က ပြိုင်ဘက်ရှေ့တန်းကစားသမားတွေ အတွက် အိပ်မက်ဆိုးဖြစ်လာခဲ့ပြီး တစ်ဦးချင်း‌ကျော်ဖြတ်နိုင်ဖို့ မဖြစ်နိုင်သလောက်ပါပဲ။

အရေးကြီးတဲ့အချက်တွေထဲမှာ ဒရာဂူဆင်ဟာ ယုံကြည်မှုအပြည့်နဲ့ ကစားပြီး၊ ပြိုင်ဘက်ရဲ့ခြိမ်းခြောက်ခြင်းကို ‌ဂရုမစိုက်တဲ့အပြင် ဆုံးဖြတ်ချက်ချတဲ့အပိုင်းမှာလည်း မှန်ကန်နေတာဖြစ်ပါတယ်။

#တော့တင်ဟမ် #ဂျီနိုအာ #အပြောင်းအရွှေ့ #ဒရာဂူဆင်