ရှေ့သို့
Image

ကာတစ်ဂျုံးစ်အတွက် ပွဲကစားချိန်များပြားအောင် မစီမံပေးနိုင်ခဲ့လို့ ရယ်ရွှင်ဖွယ်တောင်းပန်လိုက်တဲ့ ကလော့ပ်

1:58 PM, 11 January

ဒီနေ့မနက်ပိုင်း၊ လီဗာပူးရဲ့ကာရာဘောင်ဖလားဆီမီးဖိုင်နယ်နိုင်ပွဲမှာ အဓိကကစားသမားအဖြစ် ခြေစွမ်းပြသခဲ့တဲ့ ကာတစ်ဂျုံးစ်အတွက် ပွဲကစားချိန်များပြားလာအောင် မစီမံပေးနိုင်ခဲ့လို့ နည်းပြယာဂန်ကလော့ပ်က ရယ်ရွှင်ဖွယ်တောင်းပန်စကားပြောဆိုလိုက်ပါတယ်။

အန်ဖီးလ်ကွင်းမှာ ကစားရတဲ့ ပထမအကျော့ပွဲစဉ်မှာ လီဗာပူးက ဖူလ်ဟမ်ကို နောက်မှလိုက်ပြီး ၂-၁ ဂိုးဆိုတဲ့ ရလဒ်ဖြင့် အနိုင်ယူခဲ့ပါတယ်။ အစောပိုင်းပွဲချိန်တွေမှာ ကြိုးကြာနီတွေ ရုန်းကန်ခဲ့ရပေမယ့် လူစားဝင်ကစားသမား ဒါဝင်နူနက်ဇ်ရဲ့ ခြေစွမ်းပြဖန်တီးပေးမှုတွေနဲ့အတူ နောက်ပိုင်းပွဲချိန်တွေမှာ ပုံစံကောင်းပြန်လည်ရရှိခဲ့ပါတယ်။

အိမ်ရှင်တွေရဲ့ချေပဂိုးကို ၂၅ ကိုက်အကွာမှသွင်းယူပေးခဲ့တဲ့ ကာတစ်ဂျုံးစ်ရဲ့စွမ်းဆောင်ရည်ပိုင်းကလည်း အခုပွဲစဉ်အတွင်း သက်ရောက်မှုကြီးမားခဲ့ပါတယ်။ အသက်-၂၂ နှစ်အရွယ်ကစားသမားက ပြီးခဲ့တဲ့ဘောလုံးရာသီတွေမှာ စီနီယာအသင်းနဲ့အတူ ရှိနေခဲ့ပေမယ့် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့် မရှိသလောက် နည်းပါးခဲ့ပါတယ်။ အခုဘောလုံးရာသီမှာလည်း ပရီးမီးယားလိဂ်ပွဲစဉ် ခုနစ်ပွဲမှာသာ ပွဲထွက်ပါဝင်ကစားခဲ့ရပါတယ်။

ဖူလ်ဟမ်နဲ့ ပွဲစဉ်အပြီး BBC Radio 5 Live နဲ့တွေ့ဆုံချိန် အသင်းမှာ ပုံစံကောင်းပြသနေမှုနဲ့ပတ်သက်လို့ ကာတစ်ဂျုံးစ်က “ ဒါက ကျွန်တော့်အတွက် အများကြီးအကျိုးရှိစေပါတယ်။ အရေးကြီးတာကတော့ ကျွန်တော်အနေနဲ့ ဒီစွမ်းဆောင်ရည်ကို ဆက်ထိန်းထားနိုင်ဖို့ပါပဲ။ ကျွန်တော့်အတွက် အခွင့်အရေးက ဒီမှာရှိနေပါတယ်။ ဒါကြောင့် အခုအချိန်မှာ စွမ်းဆောင်ရည်ကောင်းနေဖို့ ကျွန်တော့်အပေါ်မှာပဲ မူတည်နေပါတယ်”လို့ ပြောပါတယ်။

လူငယ်ကစားသမားရဲ့ အခုလိုမှတ်ချက်ပေးလာမှုအပေါ် လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က သူကိုယ်တိုင် ကစားသမားကို အသုံးချနိုင်စွမ်း ကင်းမဲ့ခဲ့တာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ဝန်ခံခဲ့ပါတယ်။

ကလော့ပ်က “ကာတစ်ဂျုံးစ်ဟာ ကျွန်တော်တို့အတွက် အလွန်အင်မတန်အရေးပါတဲ့ ကစားသမားဖြစ်ပြီး သူကိုယ်တိုင်လည်း ဒါကိုသိပါတယ်။ တိုက်ဆိုင်စွာပဲ သူ့အင်တာဗျူးကို ကျွန်တော်ကြားလိုက်ရချိန်မှာ သိလိုက်ရတဲ့အချက်က သူ ပွဲကစားချိန်တွေ ပိုမိုလိုအပ်နေတယ်ဆိုတာပါပဲ။ ကျွန်တော် ဒီအချက်ကို ကြိုက်ပါတယ်။ ဆောရီးပါ… ကာတစ်ဂျုံးစ်ရေ၊ အစောပိုင်းမှာ မင်းကို ပွဲကစားချိန်များပြားအောင် မစီမံပေးနိုင်ခဲ့ဘူး။ သူက ကြီးမားတဲ့ခြေလှမ်းတွေ အစပြုခဲ့ပြီးပါပြီ။ တစ်ပွဲလုံးမှာလည်း ကာတစ်ဂျုံးစ်က အကြိုးစားဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ ဖျက်ထုတ်ခံလိုက်ရချိန်မှာ သူလဲကျသွားပေမယ့် တစ်စက္ကန့်လောက်အတွင်းမှာပဲ ပြန်ထလာပြီး ဂိုးသွင်းယူခဲ့ပါတယ်။ အရမ်းကောင်းတဲ့ ဘောလုံးသမားတစ်ယောက်ပါ။ သူ့မှာ အမြဲတမ်း ဒီလိုအရည်အသွေးတွေ ရှိပေမယ့် ဒီအရည်အသွေးတွေကို အသုံးပြုနေရပါမယ်။ အခုအချိန်မှာတော့ ကာတစ်ဂျုံးစ်က ကျွန်တော့်အတွက်၊ အားလုံးအတွက် ရှိနေပါပြီ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ဒီလိုပုံစံကောင်းပြသနေမှုကို တစိုက်မတ်မတ် လုပ်သွားရပါမယ်။ ဒါက တကယ်မိုက်ပါတယ်။ သူက ခံစစ်ပိုင်းအတွက်လည်း အကူအညီတွေ ပေးနိုင်ခဲ့ပြီး ဒါကပွဲစဉ်အတွင်း သူ့အတွက် ကောင်းမွန်တဲ့ခံစားချက်ကို ပေးစွမ်းပါတယ်။ ရုတ်တရက်ဆိုသလိုပဲ သူ့ရဲ့အရည်အသွေးကို ပိုမိုပြသနိုင်ပါတယ်။
ကောင်လေးက လီဗာပူးသားစစ်စစ်တွေရဲ့ယုံကြည်မှုမျိုး ရှိနေတာကြောင့် သူ့အတွက်ပျော်ရွှင်စရာပါပဲ။ ဒါက တကယ်မိုက်ပါတယ်”လို့ ပြောပါတယ်။

ကရာဗန်ကော့တေ့ချ်ကွင်းမှာကစားရမယ့် ဒုတိယအကျော့ပွဲစဉ်ကိုတော့ အခုလကုန်ပိုင်းမှာ ကစားရဖို့ရှိပေမယ့် ဒီပွဲစဉ်မတိုင်ခင် လီဗာပူးက ပရီးမီးယားလိဂ်ဦးဆောင်သူနေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ အဝေးကွင်းမှာ ဘုန်းမောက်နဲ့ ယှဉ်ပြိုင်ကစားရပါမယ်။

#လီဗာပူး #ကာတစ်ဂျုံးစ် #ကလော့ပ် #ပရီးမီးယားလိဂ်