ရှေ့သို့
Image

ဒိုင်ဘားလား ဒဏ်ရာရရှိခဲ့မှုက ပွဲ့ရဲ့အဖြေကိုပြောင်းလဲပစ်ခဲ့တယ်လို့ အခိုင်အမာဆိုလာတဲ့ မော်ရင်ဟို

10:24 AM, 11 January

ရိုးမားနည်းပြ ဟိုဆေးမော်ရင်ဟိုက ကိုပါအီတလီယာဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဒါဘီပြိုင်ဘက် လာဇီယိုကို ရှုံးနိမ့်ခဲ့ခြင်းမှာ အသင်းရဲ့ အဓိကတိုက်စစ်ကစားသမား ပေါ်လိုဒိုင်ဘားလား ဒဏ်ရာရရှိခဲ့တာကြောင့်ဖြစ်တယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။

မော်ရင်ဟိုရဲ့အသင်းဟာ လာဇီယိုကို ပွဲချိန် ၅၁ မိနစ်မှာ ‌ခွင့်ပြုခဲ့ရတဲ့ ဇက်ကက်နီရဲ့ ပင်နယ်တီသွင်းဂိုးကြောင့် ၁-၀ နဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ သို့သော်လည်း မော်ရင်ဟိုကတော့ အသင်းရဲ့ တိုက်စစ်ကစားသမား ‌ဒိုင်ဘားလား ဒဏ်ရာရရှိပြီး ကွင်းထဲကနေ ထွက်ခွာခဲ့ရတာက အခုလို ရှုံးနိမ့်မှုရဲ့ အဓိကအကြောင်းအရင်းဖြစ်တယ်လို့ ဆိုပါတယ်။

ပွဲအပြီးမှာ ဝါရင့်မန်နေဂျာ ပေါ်တူဂီသားက "ပထမပိုင်းမှာ ကျွန်တော်တို့ ကစားပုံအရမ်းကောင်းခဲ့ပြီး နည်းစနစ်မှန်မှန်နဲ့ ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒိုင်ဘားလား ကွင်းထဲကနေထွက်သွားတာက ပွဲရဲ့အခြေအနေကို ပြောင်းပြန်ဖြစ်စေခဲ့ပါတယ်။ ဖီရင်အိုတီးနားနဲ့ ပွဲတုန်းကလည်း ဒီလိုပါပဲ။ ကျွန်တော်တို့ လွယ်လွယ်ကူကူ အနိုင်ရနိုင်တဲ့ အခြေအနေမှာရှိခဲ့ပေမယ့် ဒိုင်ဘားလားမရှိတဲ့အခါ ချိတ်ဆက်မှုတွေ နည်းပါးသွားခဲ့ပြီး အရည်အ‌သွေးကျဆင်းသွားပါတယ်" "သူ့ရဲ့ဒဏ်ရာပြဿနာနဲ့ ပတ်သက်ပြီးပြောရရင်တော့ သာမန်ကြွက်သားဒဏ်ရာပြဿနာပါပဲ။ လွန်ခဲ့တဲ့ ၂ ရက်က သူအသင်းအတွက် မိနစ် ၈၀ အထိကစားပေးခဲ့ပါတယ်။ ဒီနေ့ပွဲမှာလည်း သူပါဝင်ဖို့ ဆန္ဒရှိနေတာကြောင့် ပွဲထုတ်ခဲ့တာပါ။ ကျွန်တော်တို့မှာ ကန့်သတ်ချက်ထက်ကျော်လွန်ပြီး ပွဲကစားမိရင် ဘာဖြစ်တတ်လဲဆိုတာ ဥပမာတွေရှိပြီးသားပါ" "ပေါ်လို(ဒိုင်ဘားလား) ထွက်သွား‌တာက ကျွန်တော်တို့အတွက် အရာရာမှာခက်ခဲစေခဲ့ပါတယ်။ ဒီည ကျွန်တော်စိတ်ပျက်မိတဲ့ ကစားသမား အချို့ရှိပါတယ်။ လူကာကူက အရေးပါတဲ့သွင်းဂိုးကို သွင်းနိုင်ဖို့ နီးစပ်ခဲ့ပါတယ်။ ဒါပေမယ့် အချိန်ပိုရောက်ဖို့အတွက် ဆွဲဆန့်နိုင်မယ့် သွင်းဂိုးကိုတော့ မရရှိခဲ့ပါဘူး" လို့ပြောကြားခဲ့ပါတယ်။

စီးရီးအေပွဲစဉ် ၁၃ ပွဲ ကစား၊ ၅ ဂိုး သွင်းပြီး ဂိုးဖန်တီးမှု ၆ ကြိမ်ပြုလုပ်ထားနိုင်တဲ့ ကမ္ဘာ့ဖလားဆုရှင် အာဂျင်တီးနားသားဟာ ဒီရာသီမှာ ရိုးမားအတွက် ပုံစံကောင်းကိုတောက်လျှောက်ပြသပြီး အရေးပါတဲ့ကစားသမားအဖြစ်ရပ်တည်နေသော်လည်း ဒဏ်ရာပြဿနာတွေနဲ့ မကြာခဏကြုံတွေ့နေရတာဖြစ်ပါတယ်။ ဒိုင်ဘားလားဟာ ပေါင်ခြံဒဏ်ရာ၊ အရွတ်ဒဏ်ရာနဲ့ တံကောက်ကြောဒဏ်ရာများကြောင့် အသင်းရဲ့ပွဲစဉ် ၉ ပွဲအထိ လွဲချော်ထားပါတယ်။

ရိုးမားအသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာတော့ စီးရီးအေပွဲစဉ်အဖြစ် အေစီမီလန်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာဖြစ်ပြီး မော်ရင်ဟိုအနေနဲ့ ပြီးခဲ့တဲ့ အတ္တလန္တာနဲ့ပွဲစဉ်မှာ အနီကတ်ပြသခံထားရတာကြောင့် အဆိုပါပွဲစဉ်ကို လွဲချော်သွားဖွယ်ရှိနေပါတယ်။

#အီတလီစူပါဖလား #မော်ရင်ဟို #ဒိုင်ဘားလား