ရှေ့သို့
Image

တော့တင်ဟမ်ဆီ ပြောင်းရွှေ့ရန် ဒရာဂူဆင် သဘောတူလိုက်ပြီလို့ နာမည်ကျော်သတင်းထောက်ရိုမာနို အတည်ပြု

3:08 PM, 10 January

ဘိုင်ယန်မြူးနစ်ရဲ့စိတ်ဝင်စားမှုတွေ ရရှိထားပေမယ့် ဂျီနိုအာကစားသမား ဒရာဂူဆင်ကတော့ ပရီးမီးယားလိဂ်မြေဆီ ပြောင်းရွှေ့ဖို့သာ ဆုံးဖြတ်ခဲ့တယ်လို့ နာမည်ကျော်သတင်းထောက်ရိုမာနိုရဲ့ အဆိုအရ သိရပါတယ်။

ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်း၊ X လူမှုကွန်ရက်မှတဆင့် ရိုမာနိုက “ဒရာဂူဆင်က တော့တင်ဟမ်ဆီ ပြောင်းရွှေ့ဖို့ သဘောတူလိုက်ပါပြီ။ here we go! ယမန်နေ့ညပိုင်း၊ ကမ်းလှမ်းမှုအသစ်တစ်ခု ပြုလုပ်ပြီးနောက်မှာ ပြောင်းရွှေ့ကြေးယူရိုသန်း ၃၀ ဖြင့် သဘောတူညီမှုရရှိခဲ့တာပါ။ တော့တင်ဟမ်နောက်ခံလူ ဒီဂျက်စပန့်ခ်ကတော့ ဂျီနိုအာဆီ အငှားဖြင့် ရောက်ရှိလာပါလိမ့်မယ်။ ဘိုင်ယန်မြူးနစ်ပစ်မှတ် ဒရာဂူဆင်ကလည်း တော့တင်ဟမ်ဆီ ပြောင်းရွှေ့ဖို့ လိုလားခဲ့ပြီး ပရီးမီးယားလိဂ်ကလပ်နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရယူထားနိုင်ခဲ့ပါတယ်”လို့ ဖော်ပြခဲ့ပါတယ်။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်း ဂျီနိုအာဆီ ရောက်ရှိလာတဲ့ ဂျုဗင်တပ်စ်လူငယ်ကစားသမားဟောင်းက အသင်းအတွက် အဓိကကစားသမားအဖြစ် ခြေစွမ်းပြသနိုင်ခဲ့ပြီး စီးရီးအေဆီ တန်းတက်နိုင်အောင် ကူညီပေးခဲ့ပါတယ်။ အဲ့ဒီနှစ်၊ မတ်လအတွင်းမှာပဲ ရိုမေးနီးယားလက်ရွေးစင်အသင်းက ဒရာဂူဆင်ကို ပထမဆုံးအကြိမ်ရွေးချယ်ခဲ့ပြီး ဂရိကိုရှုံးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲစဉ်ရဲ့ ပွဲချိန်နှောင်းပိုင်းမှာ လူစားဝင်ကစားခွင့်ပေးခဲ့ပါတယ်။

နောက်တစ်နှစ်မှာတော့ သူက ရိုမေးနီးယားအသင်းရဲ့ ယူရို-၂၀၂၄ ခြေစစ်ပွဲစဉ်အားလုံးကို ပါဝင်ကစားပေးခဲ့ပြီး အသင်းကို ခြေစစ်ပွဲအောင်မြင်အောင် ကူညီပေးခဲ့ပါတယ်။ အလားတူ ဒရာဂူဆင်က အခုဘောလုံးရာသီမှာလည်း ဂျီနိုအာအတွက် စီးရီးအေပွဲစဉ် ၁၈ ပွဲကစား၊ နှစ်ဂိုး သွင်းယူပေးထားပါတယ်။

အခုအပြောင်းအရွှေ့ကြောင့် တော့တင်ဟမ်မှာ ပုံမှန်ပွဲကစားခွင့်မရရှိတဲ့ အဲရစ်ဒိုင်ယာလည်း မြောက်လန်ဒန်အခြေစိုက်ကလပ်မှ ထွက်ခွာရဖို့ အတော်လေးနီးစပ်လာပါတယ်။

#တော့တင်ဟမ် #အပြောင်းအရွှေ့ #ရိုမာနို #ဒရာဂူဆင်