ရှေ့သို့
Image

အငှားနဲ့ ပြောင်းရွှေ့လာပြီးနောက် တော့တင်ဟမ်ကို ပြောင်းဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့ရလဲဆိုတာကို တီမိုဝါနာရှင်းလင်း

1:56 PM, 10 January

တော့တင်ဟမ်တိုက်စစ်မှူးသစ် တီမိုဝါနာက လိုက်ပ်ဇစ်ကနေ တော့တင်ဟမ်ကို ပြောင်းလာတာဟာ နည်းပြ ပိုစတီကိုဂလူလက်အောက်မှာ အလုပ်အတူတူလုပ်ချင်တာကြောင့်လို့ ရှင်းပြလိုက်ပါတယ်။ အင်္ဂါနေ့တုန်းက တော့တင်ဟမ်အသင်းဘက်က ဝါနာကိုအငှား + ရာသီအကုန်မှာ ပေါင် ၁၄ သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်မယ့် အချက်အပါအဝင် အပြောင်းအရွှေ့အပြီးသတ်ပြီလို့ ကြေညာခဲ့ပါတယ်။

ဝါနာဟာ ယခင်တုန်းက ချဲလ်ဆီးအသင်းမှာ ၂ ရာသီကစားခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် လိုက်ပ်ဇစ်ကို ပြန်ခဲ့ရတာဖြစ်ပြီး ပထမရာသီဝက်မှာ ၂ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂျာမန်သားက အခုတစ်ကြိမ် ပရီးမီးယားလိဂ်ပြန်လာမှုဟာ ထိရောက်မှုရှိလိမ့်မယ်လို့ ယုံကြည်နေပြီး နည်းပြ ပိုစတီကိုဂလူလက်အောက် အဆင်ပြေလိမ့်မယ်လို့ ထင်မြင်နေပါတယ်။

“ပထမဆုံးအနေနဲ့ ကျွန်တော် ဒီမှာအရမ်းပျော်နေပါတယ်။ ဒီလိုအသင်းကြီးမျိုးကို ပြောင်းလာရလို့ ကျွန်တော် ဝမ်းသာမိပါတယ်။ နည်းပြနဲ့လည်း တကယ်ကောင်းတဲ့ပြောဆိုမှုတွေရှိခဲ့ပါတယ်။ သူက ကျွန်တော့်ကို ဒီအသင်းပြောင်းလာဖြစ်အောင်လုပ်ဆောင်ခဲ့တဲ့သူပါ။ သူနဲ့စကားပြောချိန်မှာလည်း ကျွန်တော်ဘာလိုချင်လဲဆိုတာ သူသိပါတယ်။ နည်းစနစ်ပိုင်းအပြင် ကစားကွက်ပိုင်းကော ကျွန်တော် ကစားချင်တဲ့ကစားကွက်မျိုးပါ။ ကျွန်တော့်အတွက် အရမ်းကိုမှအဆင်ပြေလိမ့်မယ်လို့ မြင်မိပါတယ်။ ကွင်းအသစ်ကလည်း တကယ်ကိုမှကောင်းပါတယ်။ ကျွန်တော်အဲ့တာကို ချစ်ပါတယ်”

“တော့တင်ဟမ်နဲ့ ပြိုင်ဘက်အဖြစ် ကစားဖူးပါတယ်။ ဒီလိုအသင်းရဲ့အစိတ်အပိုင်းအဖြစ် ပါဝင်ခွင့်ရတာက ပျော်စရာပါ။ ပရိသတ်တွေရှေ့မှာ ကျွန်တော် ဂိုးသွင်းချင်နေပါပြီ။ အားလုံးနဲ့အတူတူ လက်တွဲလည်းလုပ်ချင်နေပါပြီ။ ဒီမှာ ကျွန်တော်အကောင်းဆုံးကစားသမားဖြစ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တိုက်စစ်ပိုင်းဘယ်နေရာမှာမဆို ကျွန်တော်ကစားနိုင်ပါတယ်။ အဲ့တာက ပွဲအတွက်အဆင်ပြေနိုင်ပါတယ်။ ပြီးတော့ အဲ့လိုနည်းစနစ်က ပြိုင်ဘက်နောက်တန်းကိုဒုက္ခပေးနိုင်ပါတယ်။ အဲ့တာက ကျွန်တော့်စွမ်းရည်တွေထဲက တစ်ခုပါ။ ပရီးမီးယားလိဂ်ကနေထွက်ခွာချိန်တုန်းက ကျွန်တော်တစ်စုံတစ်ခုကိုလွမ်းနေတာပါ။ ဘာလို့လဲဆိုတော့ ဒီလိဂ်က ကမ္ဘာပေါ်မှာအကောင်းဆုံးလိဂ်ပါ”

“ကျွန်တော် လန်ဒန်ကိုလည်း လွမ်းနေတာပါ။ ဒီမှာ ကျွန်တော် ကောင်းကောင်းအထိုင်ကျခဲ့ပါတယ်။ ကျွန်တော် အင်္ဂလန်ကိုလည်း ချစ်ပါတယ်။ ကျွန်တော်ထွက်ခွာချိန်တုန်းက ဒီမြို့ကိုလွမ်းနေတာပါ။ ဘာလို့လဲဆိုတော့ တကယ်ကောင်းတဲ့မြို့တစ်မြို့ဖြစ်တာကြောင့်ပါ။ ကျွန်တော် ဒီမှာနေရတာပျော်သလို အခုပြန်လာရတာလည်းပျော်ပါတယ်။ မြောက်လန်ဒန်မှာ ခရီးသစ်တစ်ခု စတင်ရတော့ပါမယ်။ ကျွန်တော့်ပစ်မှတ်က ဒီလိဂ်ဖလားရဖို့ပါ။ ဒါ့အပြင် အခြားဆုဖလားတွေလည်းရယူချင်ပါတယ်။ ကျွန်တော် ချဲလ်ဆီးကို ပြောင်းလာတုန်းကလည်း အခုလိုမျိုးပြောဖူးပါတယ်။ ဆုဖလားတွေရယူချင်တာက ဆိုးဝါးတဲ့အရာတစ်ခုလို့တော့ ကျွန်တော်မထင်ပါဘူး”လို့ ဝါနာက ပြောကြားခဲ့ပါတယ်။

#တော့တင်ဟမ် #အပြောင်းအရွှေ့ #ဝါနာ