ရှေ့သို့
Image

မစ်ဒယ်ဘရော့နဲ့ပွဲစဉ်က ချဲလ်ဆီးအသင်းရဲ့ စွမ်းဆောင်ရည်ကို ကာကွယ်ပြောဆိုလာတဲ့ ပိုချက်တီနို

1:07 PM, 10 January

ယနေ့နံနက်က ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ချဲလ်ဆီးအသင်းဟာ မစ်ဒယ်ဘရောကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့သော်လည်း ချဲလ်ဆီးနည်းပြ ပိုချက်တီနိုကတော့ သူ့ရဲ့အသင်းက ပိုကောင်းခဲ့ပြီး ဂိုးရှေ့မှာ အမှားတွေပြုလုပ်ခဲ့လို့သာ ရှုံးနိမ်ခဲ့ရတာဖြစ်တယ်လို့ ကာကွယ်ပြောဆိုလာခဲ့ပါတယ်။

ယခုပွဲစဉ်မှာ ချဲလ်ဆီးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၇၂ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းချက် ၁၈ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သော်လည်း ဂိုးပေါက်ကန်သွင်းချက် ၆ ကြိမ်သာပြုလုပ်ခဲ့တဲ့ မစ်ဒယ်ဘရော့ကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ အိမ်ရှင်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပထမပိုင်းမှာ ဟက်ခ်နေးက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ ကိုးလ်ပယ်မာ  ဟက်ထရစ်ရလောက်တဲ့အထိ ချဲလ်ဆီးက အပိုင်အခွင့်အရေးတွေရရှိခဲ့သော်လည်း ဒုတိယပိုင်းမှာတော့ မစ်ဒယ်ဘရော့ရဲ့ နောက်တန်းက အကောင်းဆုံးပုံစံနဲ့ပိတ်ဆို့ကစားထားနိုင်ခဲ့တာကြောင့် အခွင့်အရေးဖန်တီးမှုနည်းပါးခဲ့ပြီး ချေပဂိုးတောင် ပြန်လည်သွင်းယူနိုင်ခဲ့ခြင်းမရှိပါဘူး။ ပွဲအပြီးမှာ ပိုချက်တီနိုက ချဲလ်ဆီးအသင်းရဲ့ ဂိုးပေါက်ပျောက်မှုကို စိတ်ပျက်မိကြောင်း ပြောကြားခဲ့သော်လည်း စတန်းဖို့ဒ်ဘရစ်ချ်မှာကစားမယ့် ဒုတိယအကျော့မှာတော့ ရလဒ်ကောင်းကို ပုံဖော်နိုင်မယ်လို့ ယုံကြည်နေပါတယ်။

အာဂျင်တီးနားသားက “ဒီနေ့ ကျွန်တော်တို့ ပွဲကိုချဉ်းကပ်ပုံက တကယ်ပဲကောင်းခဲ့ပါတယ်။ ဒါပေမယ့် အသင်းရဲ့စိတ်ဓာတ်ပိုင်းနဲ့ပတ်သက်ပြီးတော့ ကျွန်တော်လည်းမပြောတတ်ပါဘူး။ ပထမပိုင်းမှာ ကျွန်တော်တို့ အပိုင်အခွင့်အရေးတွေ ရခဲ့ပေမယ့် အမှားအယွင်းတွေပြုလုပ်ခဲ့မိပါတယ်။ သူတို့ကစားတဲ့ပုံစံကလည်း တကယ်ကို ပြင်းထန်ပြီး ကျွန်တော်တို့အတွက် အရမ်းခက်ခဲခဲ့ပါတယ်” “သူတို့က တန်ပြန်တိုက်စစ်နဲ့ကစားခဲ့ပေမယ့် ပိတ်ဆို့မှုအပိုင်းကလည်း ကောင်းမွန်ခဲ့လို့ ကျော်ဖြတ်နိုင်ဖို့ အတော်ပဲခက်ခဲခဲ့ပါတယ်။ ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီး ရခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဘောလုံးက ဒီလိုပါပဲ။ ဒီအတွက်လည်း အရမ်းစိတ်ပျက်မိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စတန်းဖို့ဒ်ဘရစ်ချ်မှာကစားမယ့် မိနစ် ၉၀ လုံးလုံးကျန်ပါသေးတယ်။ ဒါကြောင့် အပြုသဘောဆောင်တဲ့ ခံစားချက်မျိုး ရှိရပါမယ်”လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ပိုချက်တီနိုက “ကျွန်တော်တို့ ဂိုးမသွင်းနိုင်တာက အဓိက ပြဿနာပါ။ ဒီရာသီမှာ ဒီလိုဖြစ်နေတာ အတော်ကြာပါပြီ။ ဒီခြောက်လအတွင်းမှာ ဂိုးမသွင်းနိုင်လို့ နိုင်ပွဲနဲ့ လွဲချော်ခဲ့ရတာ အများကြီးရှိနေပါပြီ။ ကျွန်တော်တို့ သွင်းဂိုးဆာလောင်မှု ပျောက်ဆုံးနေသလိုပါပဲ။ အခွင့်အရေးမဖန်တီးနိုင်ဘူးလို့ပြောတာမဟုတ်ပါဘူး။ ကျွန်တော်တို့က အခွင့်အရေးတွေကို လိုတာထက်တောင်ပိုဖန်တီးနိုင်ခဲ့ပြီး ဂိုးပေါက်ပျောက်နေခဲ့တာပါ။ ဂိုးမသွင်းနိုင်ရင်တော့ အနိုင်ရဖို မဖြစ်နိုင်ပါဘူး” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ယခု ပွဲစဉ်အပြီးမှာ အဝေးကွင်းကို လာရောက်အားပေးခဲ့တဲ ချဲလ်ဆီးပရိသတ်တွေနဲ နောက်ခံလူ သီယာဂိုဆေးလ်ဗားတို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြတာနဲပတ်သက်ပြီး နည်းပြမော်ရီစီယိုပိုချက်တီနိုက ဆက်လက်ရှင်းပြပြောဆိုလာခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ ပိုချက်တီနိုက အဆိုပါအဖြစ်အပျက်ကို မမြင်မိခဲ့ကြောင်းနဲ့ ပရိသတ်တွေရဲ့ စိတ်ပျက်မှုကိုတော့ သိရှိနားလည်ကြောင်း ပြောကြားလာခဲ့တာဖြစ်ပါတယ်။

ပိုချက်တီနိုက “ကျွန်တော် အဲဒါကိုမမြင်လိုက်ပါဘူး။ ဒါကြောင့် အဲဒီကိစ္စကို ဘာဖြစ်တာလဲ မပြောတတ်ပါဘူး။ ဒါပေမယ့်ပရိသတ်တွေ စိတ်ပျက်နေတယ်ဆိုတာတော့ နားလည်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့နောက်ထပ် မိနစ် ၉၀ တောင်ကစားဖို့ကျန်ပါသေးတယ်” လို့ပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #ပိုချက်တီနို #ကာရာဘောင်ဖလား #မစ်ဒယ်ဘရော့စ်