ရှေ့သို့
Image

ချဲလ်ဆီးကို အနိုင်ရရှိမှုက နည်းပြဘဝဂုဏ်အယူရဆုံးအခိုက်အတန့်ပဲလို့ ထုတ်ပြောလာတဲ့ မိုက်ကယ်ကာရစ်

1:00 PM, 10 January

ဒီနေ့မနက်ပိုင်း၊ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ပ-ကျော့ပွဲစဉ်အဖြစ် ချဲလ်ဆီးကို အိမ်ကွင်းရေးဗားဆိုဒ်မှာ တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိမှုက နည်းပြဘဝဂုဏ်အယူရဆုံး အခိုက်အတန့်ဖြစ်တယ်လို့ မစ်ဒယ်ဘရော့နည်းပြ မိုက်ကယ်ကာရစ်က ကြွေးကြော်လိုက်ပါတယ်။

ချဲလ်ဆီးတိုက်စစ်မှူးပယ်လ်မာရဲ့ အခွင့်အရေးလွဲချော်မှုတွေအပြီးမှာ ဟေဒန်ဟတ်နေးက အခုပွဲစဉ်အတွင်း အိမ်ရှင်တွေအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် ဘိုရိုအသင်းရဲ့နိုင်ပွဲက ထိုက်ထိုက်တန်တန်ရရှိခဲ့တာဖြစ်ပြီး နည်းပြကာရစ်ကလည်း အသင်းအတွက် ထူးရှယ်ညတစ်ခုဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူဟောင်းက “ဒီနိုင်ပွဲက ကျွန်တော့်ရဲ့နည်းပြဘဝမှာ ဂုဏ်အယူရဆုံး ပွဲစဉ်တစ်ခုဖြစ်ပါတယ်။ ကစားသမားတွေ အချင်းချင်း ဘယ်လောက်အထိ စည်းလုံးမှုရှိတယ်ဆိုတာနဲ့ ဒီပွဲစဉ်အတွက် ဘယ်လောက်အထိအာရုံစိုက်ထားသလဲဆိုတာ ကျွန်တော်သိထားသလို ပရိသတ်ကြီးကလည်း ကစားသမားတွေကို အစမှအဆုံး အင်ပြည့်အားပြည့် အားပေးခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီလိုအချက်တွေက ကျွန်တော့်ကို အထူးဂုဏ်ယူမိစေပါတယ်။ အရမ်းကိုကောင်းမွန်တဲ့ညချမ်းတစ်ခုပါ။ အနာဂတ်မှာ ဒီလိုမျိုးညချမ်းတွေ ထပ်မံဖန်တီးပေးနိုင်ဖို့လည်း မျှော်လင့်မိပါတယ်။ ကောင်လေးတွေကတော့ တကယ့်ကို အံ့မခန်းပါပဲ။ သူတို့တွေ စည်းကမ်းရှိရှိ၊ နည်းဗျူဟာကျကျကစားခဲ့သလို တည်တည်ငြိမ်ငြိမ်နဲ့ စစ်မှန်တဲ့အရည်အသွေးအချို့ကို ပြသခဲ့ပါတယ်။ လမ်းခုလတ်ပဲ ရှိသေးပေမယ့် ကစားသမားတွေရဲ့ကြိုးစားအားထုတ်မှုကို ချီးကျူးဂုဏ်ပြုသင့်ပါတယ်။ ချီးကျူးဂုဏ်ပြုမှုတွေနဲ့ ထိုက်တန်တယ်လို့ပဲ ကျွန်တော် ပြောချင်ပါတယ်။ ဒုတိယအကျော့ပွဲစဉ်ကတော့ စိန်ခေါ်မှုအသစ်တစ်ခုဖြစ်ပြီး လုံးဝကိုကွဲပြားခြားနားနေပါလိမ့်မယ်။ ဒီစိန်ခေါ်မှုအတွက် ကျွန်တော်တို့ လက်ခံရင်ဆိုင်ဖို့ စောင့်မျှော်နေသလို ရင်ဆိုင်ဖို့လည်း အဆင်သင့်ဖြစ်နေပါပြီ”လို့ ပြောပါတယ်။

မိုက်ကယ်ကာရစ်ရဲ့အသင်းက အင်္ဂလန်ချန်ပီယံရှစ်အမှတ်ပေးဇယားအလယ်မှာ ရပ်တည်နေပြီး အခုသီတင်းပတ်ကုန်အဝေးကွင်းလိဂ်ပွဲစဉ်အဖြစ် မီဝေါနဲ့ ယှဉ်ပြိုင်ကစားရပါမယ်။

#ချဲလ်ဆီး #ကာရာဘောင်ဖလား #ကာရစ် #မစ်ဒယ်ဘရော့စ်