ရှေ့သို့
Image

ဖူလ်ဟမ်နဲ့ ပွဲစဉ်ကို လွဲချော်ရဖို့ရှိသလို သီတင်းပတ်အနည်းငယ်ကြာ အနားယူရတော့မယ့် အာနိုးလ်

11:49 AM, 10 January

ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ အာဆင်နယ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း ဒူးဒဏ်ရာတစ်ခု ရရှိခဲ့တာကြောင့် အာနိုးလ်ဟာ မနက်ဖြန်မနက်ပိုင်း၊ ဖူလ်ဟမ်နဲ့ ယှဉ်ပြိုင်ရမယ့် ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်(ပကျော့)ကို လွဲချော်သွားပါလိမ့်မယ်။

အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်အတွင်း အသင်းခေါင်းဆောင်တာဝန်ရယူကာ ခြေစွမ်းပြကစားခဲ့တဲ့ လီဗာပူး ညာနောက်ခံလူက ပွဲချိန်အတွင်းမှာ သူ့ရဲ့ခြေထောက်ကို ဆုပ်ကိုင်ထားခဲ့သလို ပွဲပြီးချိန်မှာလည်း ကွင်းတွင်းဥမင်လှိုဏ်ခေါင်းဆီ ခြေထော့နင်းဖြင့် ထွက်ခွာသွားတာကို မြင်တွေ့ခဲ့ရပါတယ်။

ဒီနောက်မှာတော့ လီဗာပူးအသင်းက အာနိုးလ်ရဲ့ဒဏ်ရာ အခြေအနေကို အကဲဖြတ်စစ်ဆေးခဲ့ပြီး ကစားသမားဟာ ဒီနေ့ညပိုင်း အရေးကြီးပွဲစဉ်မှစတင်ကာ ပွဲစဉ်အချို့လွဲချော်ရဖို့ ရှိလာခဲ့ပါတယ်။ လီဗာပူးလက်ထောက်နည်းပြ ပက်လင်းဒါစ်ရဲ့အဆိုအရ အာနိုးလ်ဟာ သီတင်းပတ်သုံးပတ်ခန့် အနားယူသွားရမယ်လို့ သိရပါတယ်။

လင်းဒါစ်က “အာနိုးလ်ရဲ့ဒူးက ပုံမှန်အနေအထားမှာ ရှိမနေခဲ့ပါဘူး။ သူ့ရဲ့ဒူးအနောက်ကြော အရွတ်မှာ ဒဏ်ရာအနည်းငယ်ရရှိနေပြီး ပြန်ကောင်းလာဖို့ အချိန်လိုအပ်နေပါတယ်။ သူ့ကို ဓါတ်မှန်ရိုက်စစ်ဆေးခဲ့ပြီး သီတင်းပတ်အနည်းငယ်လောက်တော့ အနားယူရမယ်လို့ အဖြေထွက်လာပါတယ်။ သုံးပတ်လောက်အထိ ဖြစ်နိုင်ပါတယ်။
အာနိုးလ်အတွက် အနားယူဖို့ အချိန်တစ်ခု ရရှိမှာဖြစ်ပြီး ဒီကာလကျော်လွန်ပြီးရင်တော့ သူ့ရှိခဲ့တဲ့နေရာဆီ ပြန်လာနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကောင်လေးက ကျွန်တော်တို့အတွက် ပွဲစဉ်တိုင်းမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သလို ခံစစ်ဇုန်မှတဆင့် အခွင့်အရေးတွေ ဖန်တီးပေးနိုင်သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူက အသင်းအတွက် လိုက်လျောညီထွေမှုမြင့်မားအောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ သူ့ကို အမှန်တကယ် လွမ်းဆွတ်နေရပါတော့မယ်”လို့ ပြောပါတယ်။

အာနိုးလ်ရဲ့ဒဏ်ရာသတင်းက ကာရာဘောင်ဖလားဆီမီးဖိုင်နယ် ပထမအကျော့အပြီး အားလပ်ရက်အနည်းငယ်ရရှိမယ့် လီဗာပူးအတွက် နောက်ထပ်ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်လာပါတယ်။ လီဗာပူးက ဇန်နဝါရီ ၂၁ ရက်မှသာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘုန်းမောက်နဲ့ အဝေးကွင်းပွဲစဉ်ယှဉ်ပြိုင်ကစားရဖို့ ရှိပါတယ်။

လတ်တလော လီဗာပူးအသင်းရဲ့ညာအစွန်ခံစစ်နေရာမှာ လူငယ်ကစားသမား ဘရက်ဒ်လေ ဝင်ရောက်ကစားဖွယ်ရှိပြီး သူက အာဆင်နယ်ကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာလည်း လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ပါတယ်။ အခုလို အခြေအနေတွေကြောင့် အာနိုးလ်က ဖူလ်ဟမ်နဲ့ ရင်ဆိုင်ရမယ့် ကာရာဘောင်ဖလား(အိမ်/ဝေး)ပွဲစဉ် နှစ်ပွဲ၊ ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်၊ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ် စုစုပေါင်းပွဲစဉ်လေးခုခန့်ကို လွဲချော်ဖွယ် ရှိပါတယ်။

လီဗာပူးအတွက် အပေါင်းလက္ခဏာဆောင်တဲ့ သတင်းကတော့ ဖူလ်ဟမ်နဲ့ပွဲစဉ်မှာ ဗန်ဒိုက် ပြန်လည်ပါဝင်လာမယ်လို့ ပက်လင်းဒါစ်က အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ အနီရောင်တပ်သားတွေရဲ့ကပ္ပတိန်က တနင်္ဂနွေနေ့ပွဲစဉ်ကို အဖျားဝေဒနာကြောင့်လွဲချော်ခဲ့ပြီး နောက်တစ်ရက်မှာတော့ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းလာခဲ့ပါတယ်။
#လီဗာပူး #အာနိုးလ် #ကာရာဘောင်ဖလား #ဖူလ်ဟမ်