ရှေ့သို့
Image

ဒေါသထွက်နေတဲ့ ချဲလ်ဆီးပရိသတ်တွေနဲ့ သီယာဂိုဆေးလ်ဗားတို့ ထိပ်တိုက်တွေ့ဆုံမှုအကြောင်းကို ရှင်းပြလာတဲ့ ပိုချက်တီနို

10:56 AM, 10 January

ယနေ့နံနက်က မစ်ဒယ်ဘရော့ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ အဝေးကွင်းကို လာရောက်အားပေးခဲ့တဲ ချဲလ်ဆီးပရိသတ်တွေနဲ့ နောက်ခံလူ သီယာဂိုဆေးလ်ဗားတို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြတာနဲ့ ပတ်သက်ပြီး နည်းပြမော်ရီစီယိုပိုချက်တီနိုက ရှင်းပြပြောဆိုလာခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ မစ်ဒယ်ဘရော့ကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီး စွမ်းဆောင်ရည်ပိုင်းမှာလည်း အတော်ပဲ ညံ့ဖျင်းခဲ့တာဖြစ်ပါတယ်။ မစ်ဒယ်ဘရော့ကတော့ ပထမပိုင်းမှာရရှိခဲ့တဲ့ ဟက်ခ်နေးရဲ့ ဦးဆောင်ဂိုးကို ပွဲပြီးတဲ့အထိ ထိန်းသိမ်းနိုင်ခဲ့ပြီး ပိုချက်တီနိုရဲ့အသင်းကို ရှုံးပွဲကြုံတွေ့စေခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ နောက်ခံလူ သီယာဂိုဆေးလ်ဗားက ချဲလ်ဆီးပရိသတ်တွေကို တောင်းပန်မဲ့ပုံစံရှိခဲ့သော်လည်း ရုတ်တရက်ထိပ်တိုက်တွေ့ဆုံတဲ့ ပုံစံဖြစ်သွားခဲ့ပါတယ်။  သတင်းစာရှင်းလင်းပွဲမှာ ပိုချက်တီနိုက အဆိုပါအဖြစ်အပျက်ကို မမြင်မိခဲ့ကြောင်းနဲ့ ပရိသတ်တွေရဲ့ စိတ်ပျက်မှုကိုတော့ သိရှိကြောင်း ပြောကြားလာခဲ့တာဖြစ်ပါတယ်။

ပိုချက်တီနိုက “ကျွန်တော် အဲဒါကိုမမြင်လိုက်ပါဘူး။ ဒါကြောင့် အဲဒီကိစ္စကို ဘာဖြစ်တာလဲ မပြောတတ်ပါဘူး။ ဒါပေမယ့်ပရိသတ်တွေ စိတ်ပျက်နေတယ်ဆိုတာတော့သိပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့နောက်ထပ် မိနစ် ၉၀ တောင်ကစားဖို့ကျန်ပါသေးတယ်” လို့ပြောကြားခဲ့ပါတယ်။

ဆေးလ်ဗားအနေနဲ့ ချဲလ်ဆီးအသင်းရဲ့ချို့ယွင်းချက်တွေကို မကျေနပ်ကြောင်းပြသခဲ့တာ ဒါက ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်က လူတန်ကို ကျဉ်းမြောင်းတဲ့ရလဒ် ၃-၂ နဲ့အနိုင်ရရှိခဲ့စဉ်ကလည်း ချဲလ်ဆီးဟာ ၃ ဂိုးပြတ် ဦးဆောင်ထားနိုင်ပြီးမှ သရေကျမလိုဖြစ်ခဲ့တာကြောင့် ဆေးလ်ဗားက ဒေါသထွက်နေခဲ့ပြီး သူ့မျက်နှာကို ရိုက်နေတဲ့ ကင်မရာကို ဒေါသတကြီးတွန်းထုတ်ခဲ့ပါတယ်။

သို့သော် ပွဲအပြီးမှာတော့ နောက်ခံလူက အဆိုပါကိစ္စကို ဟာသတစ်ခုအဖြစ် ပြန်လည်ပြောကြားခဲ့ပါတယ်။ မစ်ဒယ်ဘရော့ဟာ ၂၀၁၅ ခုနှစ်က ချဲလ်ဆီးကို စတန်းဖို့ဒ်ဘရစ်ချ်မှာ ၂-၄ နဲအနိုင်ယူခဲ့တဲ့ ဘရက်ဖို့ဒ်နောက်ပိုင်း ပြည်တွင်းဖလားပြိုင်ပွဲမှာ ပရီးမီးယားလိဂ်မှမဟုတ်ဘဲ ချဲလ်ဆီးကို ပထမဆုံးအကြိမ်အနိုင်ရရှိတဲ့ အသင်းဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ ပွဲမှာ ချဲလ်ဆီးဟာ ပရက်စတန်ကို ၄-၀ နဲ့အနိုင်ရရှိထားတာကြောင့် ပိုချက်တီနိုအနေနဲ့ ဖိအားတွေလျော့ကျခဲ့သော်လည်း အခုချိန်မှာတော့ မထင်မှတ်ဘဲရှုူံးပွဲကြုံတွေ့ခဲ့တာကြောင့် ဖိအားတွေပြန်လည် ကျရောက်လာတော့မှာ ဖြစ်ပါတယ်။ မစ်ဒယ်ဘရော့နဲ့  ဒုတိယအကျော့ပွဲစဉ်မကစားခင် ချဲလ်ဆီးဟာ လာမယ့်စနေနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဖူလ်ဟမ်ကို အိမ်ကွင်းမှာလက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

#ချဲလ်ဆီး #သီယာဂို ဆေးလ်ဗား #ပိုချက်တီနို #ကာရာဘောင်ဖလား #မစ်ဒယ်ဘရော့စ်