ရှေ့သို့
Image

ဝါနာပြီးနောက် ဂျီနိုအာစတားကိုပါခေါ်ယူနိုင်တော့မယ့် တော့တင်ဟမ်

9:55 AM, 10 January

တော့တင်ဟမ်အသင်းဟာ တီမိုဝါနာကိုခေါ်ယူနိုင်ခဲ့ပြီးနောက်  ဂျီနိုအာနောက်ခံလူ ဒရာဂူဆင်ကိုပါခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်။ တော့တင်ဟမ်ဟာ နောက်တန်းနေရာအတွက် ကစားသမားသစ်ရှာဖွေနေတာဖြစ်ပြီး စပန်ဆီကို ဂျီနိုအာထံ အငှားချမှာဖြစ်ကာ ဒရာဂူဆင်ကိုခေါ်ယူသွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းက ဂျီနိုအာနဲ့ဆွေးနွေးခဲ့ပြီးနောက် တော့တင်ဟမ်ဟာ ပေါင် ၂၅ သန်း + အပိုဆုကြေးတွေနဲ့ အသက် ၂၁ နှစ်သားကို ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။ ဘိုင်ယန်အသင်းက ကြားဖြတ်လုယူဖို့ ပြင်ဆင်နေပေမယ့် တော့တင်ဟမ်က လက်ဦးမှုရယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

အပြောင်းအရွှေ့ ၂ ခုက အပြန်အလှန်အဆင်ပြေတာဖြစ်ပြီး စပန်ဆီက လိဒ်ယူနိုက်တက်ထံ အငှားထွက်နေတာကို ပြန်လာမှာဖြစ်ကာ ဂျီနိုအာအသင်းထံ ပြောင်းရွှေ့မှာဖြစ်ပါတယ်။ နည်းပြ ပိုစတီကိုဂလူကလည်း ဗဟိုခံစစ်နေရာအတွက် ရိုမဲရိုး နဲ့ ဗန်ဒီဗန်တို့မရှိချိန်မှာ အင်အားဖြည့်တင်းချင်နေတာဖြစ်ပြီး ဒရာဂူဆင်ကို အရခေါ်ယူဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။

ရိုမဲရိုးဟာ တံကောက်ကြောဒဏ်ရာကြောင့် တော့တင်ဟမ်ရဲ့နောက်ဆုံး ၄ ပွဲကိုလွဲချော်ခဲ့တာဖြစ်ပါတယ်။ သူမပါဝင်နိုင်တဲ့အချိန်မှာ အီမာဆင်နဲ့ ဘန်ဒေးဗီးစ်တို့က တာဝန်ယူခဲ့ရပါတယ်။ ဒိုင်ယာကတော့ အသင်းဖော်ဟောင်းရှိတဲ့ ဘိုင်ယန်ထံပြောင်းရွှေ့တော့မယ်လို့ သိရပြီး ဝါနာအပြောင်းအရွှေ့ကို တော့တင်ဟမ်က အလျင်အမြန်အပြီးသတ်နေပါတယ်။

တကယ်လို့အဆင်ပြေခဲ့ရင် ဝါနာဟာ လာမယ့်တနင်္ဂနွေနေ့မှာကန်မယ့် ယူနိုက်တက်နဲ့ပွဲမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။ ဆွန်ဟောင်မင်ကလည်း တောင်ကိုရီးယားအသင်းနဲ့ အာရှဖလားကန်ရမှာဖြစ်တာကြောင့် ဂျာမန်သားက အခုအပတ်တော့တင်ဟမ်ရဲ့တိုက်စစ်ကို ဦးဆောင်လာဖွယ်ရှိနေပါတယ်။

#တော့တင်ဟမ် #ဂျီနိုအာ #ဝါနာ #ပရီးမီးယားလိဂ် #ဒရာဂူဆင်