ရှေ့သို့
Image

ဘိုင်ယန်မြူးနစ်က တော့တင်ဟမ်နဲ့ အပြိုင် ဒရာဂူဆင်ကို ခေါ်ယူဖို့ ကြိုးစားလာတာကြောင့် ဒိုင်ယာရဲ့ အပြောင်းအရွှေ့ကို ထိခိုက်မှုရှိလာနိုင်

3:41 PM, 9 January

ဘိုင်ယန်မြူးနစ်အသင်းဟာ တော့တင်ဟမ်နဲ့ အပြိုင် ဂျီနိုအာ နောက်ခံလူ ရာဒူဒရာဂူဆင် ခေါ်ယူဖို့ ကြိုးစားလာတာကြောင့် တော့တင်ဟမ် နောက်ခံလူ အဲရစ်ဒိုင်ယာရဲ့ ဘွန်ဒက်စ်လီဂါချန်ပီယံတွေထံသို့ သို့ပြောင်းရွှေ့မယ့် အရေးကို ထိခိုက်မှုရှိလာနိုင်ပါတယ်။

တော့တင်ဟမ်ဟာ အသက်-၂၁ နှစ်အရွယ် ဗဟိုခံစစ်မှူးကို ခေါ်ယူဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ထားသော်လည်း ဂျီနိုအာဘက်မှ တောင်းဆိုထားတဲ့ ကစားသမားရဲ့ဈေးနှုန်း ပေါင် ၂၅ သန်း ဝန်းကျင်ကိုတော့ သဘောတူညီမှု မပြုလုပ်နိုင်သေးဘူးလို့ သိရပါတယ်။ ယခုအခါမှာ တော့တင်ဟမ်နဲ့ အပြိုင် ဘိုင်ယန်မြူးနစ်ကလည်း ဒရာဂူဆင်ကိုခေါ်ယူဖို့ အီတလီကလပ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်လာခဲ့ပေမယ့် သဘောတူညီမှု မရရှိသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ အပတ်က စီးရီးအေပြိုင်ဘက် နာပိုလီကလည်း ကစားသမားကို ခေါ်ယူဖို့ ကစားသမား+ငွေသား နဲ့ ကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမယ့် ဒရာဂူဆင်က ပရီးမီးယားလိဂ်သို့ ပြောင်းရွှေရန်သာ စိတ်အားထက်သန်နေပြီး တော့တင်ဟမ် ဒါမှမဟုတ် ဘိုင်ယန်မြူးနစ်ကိုသာ ရောက်ရှိဖို့ အလားအလာများနေတာဖြစ်ပါတယ်။ ဒါကြောင့် ဒီအပတ်ထဲမှာတော့ ကစားသမားရဲ့အနာဂတ်ဟာ ပြတ်ပြတ်သားသားပုံပေါ်လာဖို့များနေပါတယ်။

တနင်္လာနေ့က ဂျာမန်သတင်းတွေအရ တော့တင်ဟမ်ဟာ ဒရာဂူဆင်ကို ခေါ်ယူဖို့အတွက် ဘိုင်ယန်မြူးနစ်ထက် အခွင့်အရေးပိုများနေတယ်လို့ သိရပါတယ်။ သို့သော် တကယ်လို့ ဘိုင်ယန်မြူးနစ်က ရိုမေးနီးယားလက်ရွေးစင် ကစားသမားကို ခေါ်ယူသွားနိုင်မယ်ဆိုပါက တော့တင်ဟမ်မှ ထွက်ခွာပြီး အသင်းဖော်ဟောင်း ဟယ်ရီကိန်းနဲ့ပူးပေါင်းဖို့ ကြိုးစားနေတဲ့ နောက်ခံလူ အဲရစ်ဒိုင်ယာအတွက် အတားအဆီးတွေရှိလာနိုင်ပါတယ်။

ဒိုင်ယာဟာ ပြီးခဲ့တဲ့အပတ်က ဘိုင်ယန်မြူးနစ်နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရခဲ့တယ်လို့ သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယခုအခါမှာ ဂျာမန်ချန်ပီယံတွေဟာ သူတို့ရဲ့ဗဟိုခံစစ်နေရာအတွက် ကစားသမားများကို ရွေးချယ်အကဲဖြတ်နေဆဲဖြစ်ပါတယ်။ တော့တင်ဟမ်ဟာ ယခုလအတွင်း ဗဟိုနောက်ခံလူတစ်ယောက်ကို ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေပြီး အသင်းနည်းပြ ပိုစတီကိုဂလူကလည်း ယခုလအစောပိုင်းမှာပဲ အလျင်အမြန်ခေါ်ယူဖို့ တိုက်တွန်းထားတာဖြစ်ပါတယ်။

တော့တင်ဟမ်ဟာ နိုက်စ်နောက်ခံကစားသမား ဂျင်ကလဲတိုဒီဘိုကို စိတ်ဝင်စားနေကြောင်း ထုတ်ဖော်ခဲ့သော်လည်း နိုက်စ်က သူတို့ရဲ့ပြင်သစ်လက်ရွေးစင် ကစားသမားကို နွေရာသီ အပြောင်းအရွှေ့ကာလအထိ အသင်းမှာ ဆက်လက်ထိန်းသိမ်းလိုနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် တော့တင်ဟမ်သာမက ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းကြီး တော်တော်များများကလည်း တိုဒီဘိုကို ခေါ်ယူဖို့ပစ်မှတ်ထားနေကြတာဖြစ်ပါတယ်။

#တော့တင်ဟမ် #ဂျီနိုအာ #အပြောင်းအရွှေ့ #အဲရစ်ဒိုင်ယာ #ဒရာဂူဆင်