ရှေ့သို့
Image

ဒေါ့မွန်ဆီ အီယန်မတ်ဆန် အငှားဖြင့်ထွက်ခွာတော့မယ်လို့ နာမည်ကျော်သတင်းထောက် ရိုမာနို အတည်ပြု

1:10 PM, 9 January

ချဲလ်ဆီးနောက်ခံလူ အီယန်မတ်ဆန်ဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ နည်းပြပိုချက်တီနိုရဲ့ ယုံကြည်မှု ရရှိအောင် မစွမ်းဆောင်ထားနိုင်ခဲ့ဘဲ လက်ကျန်ရာသီဝက်ကာလ အတွက် ဒေါ့မွန်ဆီ အငှားဖြင့်ထွက်ခွာသွားဖို့ နီးစပ်နေပါပြီ။

နာမည်ကျော် သတင်းထောက် ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ အငှားထွက်ခွာမှုအတွက် အရာအားလုံး ပြီးမြောက်ပြည့်စုံခဲ့ပြီဖြစ်ပြီး နောက်ခံအစွန်လူဟာ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ ဒီနေ့(အင်္ဂါနေ့)မှာပဲ ဂျာမနီနိုင်ငံဆီ ထွက်ခွာပြီး ဗုဒ္ဓဟူးနေ့မှာ ဆေးစစ်မှုခံယူသွားဖို့ ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် အခုသီတင်းပတ်ကုန် ဘွန်ဒက်စ်လီဂါပွဲစဉ်တွေ ပြန်လည်စတင်ချိန်မှာ ဒေါ့မွန်လူစာရင်းအတွင်း မတ်ဆန်ပါဝင်လာဖို့ နီးစပ်နေပါတယ်။

အခုအငှားအပြောင်းအရွှေ့ရဲ့တစိတ်တပိုင်းအဖြစ် ဒေါ့မွန်က မတ်ဆန်ရဲ့လစာကို ပေးချေသွားရဖို့ရှိပြီး ကစားသမား အနေဖြင့်လည်း လာမယ့်နွေရာသီမှာ အနာဂတ်အတွက် ရှင်းရှင်းလင်းလင်းဖြစ်စေဖို့ ဂျာမန်မြေမှာ ခြေစွမ်းပြနိုင်ရေး မျှော်လင့်နေပါလိမ့်မယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ဘန်လေ အသင်းမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ မတ်ဆန်ကို နွေရာသီ အပြောင်းအရွှေ့ကာလအတွင်း ဘန်လေက ပေါင် ၃၁ ဒဿမ ၅ သန်းဖြင့် ကမ်းလှမ်းခဲ့ပေမယ့် မိခင်ကလပ်ဖြစ်တဲ့ ချဲလ်ဆီးက ပယ်ချခဲ့ပါတယ်။

အသက်-၂၁ နှစ်အရွယ် ကစားသမားက အခုဘောလုံးရာသီ၊ စတမ်းဖို့ဒ်ဘရစ်ချ်မှာ အခွင့်အရေးတွေ ရရှိဖို့ မျှော်လင့်ခဲ့ပေမယ့် ပိုချက်တီနိုကတော့ နောက်ခံအစွန်လူကို ပွဲကစားချိန်မိနစ်တွေ အများကြီးပေးဖို့ ဆန္ဒမရှိခဲ့ပါဘူး။ နောက်ခံလူက အခုရာသီ၊ ချဲလ်ဆီးအသင်း အတွက် ၁၅ ပွဲ ပါဝင်ကစားပေးခဲ့ပေမယ့် ပွဲကစားချိန် မိနစ်ကတော့ ၃၇၆ မိနစ်သာ ရရှိထားပါတယ်။

ဒေါ့မွန်ဆီ အခုလိုပြောင်းရွှေ့လာမှုက မတ်ဆန်ရဲ့ကစားသမားဘဝအတွက် အကြီးမားဆုံး အခိုက်အတန့်တစ်ခုဖြစ်လာပြီး အခွင့်အရေးတွေကို အမိအရဆုပ်ကိုင်နိုင်ဖို့လည်း မျှော်လင့်နေပါလိမ့်မယ်။

#ချဲလ်ဆီး #ဒေါ့မွန် #အပြောင်းအရွှေ့ #ရိုမာနို #အီယန်မတ်ဆန်