ရှေ့သို့
Image

အာနိုးလ်ကို ကွင်းလယ်မှာအသုံးပြုတာ အလွန်ထိရောက်မှုရှိတယ်လို့ သုံးသပ်လိုက်တဲ့ ဂယ်ရီလိုင်နီကာ

3:31 PM, 8 January

အင်္ဂလန်ဘောလုံးကြယ်ပွင့်ဟောင်း ဂယ်ရီလိုင်နီကာက အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်အဖြစ် အာဆင်နယ်ကို အမ်းမရိတ်စ်ကွင်းမှာ နှစ်ဂိုးပြတ်အနိုင်ယူခဲ့တဲ့ လီဗာပူးရဲ့ပွဲစဉ်အပြီး အာနိုးလ်ရဲ့ ကွင်းလယ်ကစားသမားအဖြစ် ခြေစွမ်းပြ ကစားနိုင်မှုကို မြင်တွေ့ရလို့ ကျေနပ်နေခဲ့ပါတယ်။

အသက်-၂၄ နှစ်အရွယ်ကစားသမားက အခုပွဲစဉ်မှာ ညာနောက်ခံလူအဖြစ် ပွဲထွက်ပါဝင်ကစားခဲ့ပြီး ပွဲချိန်နှောင်းပိုင်းမှာတော့ အသင်းရဲ့လူစားလဲလှယ်မှုတွေနဲ့အတူ ကွင်းလယ်ဆီ တက်ရောက်ကစားခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်က လီဗာပူးအသင်း ရရှိခဲ့တဲ့ ကီဝီအော်ရဲ့O.G ဂိုးမှာ ပါဝင်ပတ်သက်မှု ကြီးကြီးမားမား ရှိခဲ့ပါတယ်။

နာကျင်အချိန်ပိုမှာတော့ ဒီယက်ဇ်က အနိုင်သေချာစေမယ့် ဒုတိယမြောက်ဂိုးကို သွင်းယူပေးပြီး အန်ဖီးလ်ကလပ်ကို အက်ဖ်အေဖလားစတုတ္ထအဆင့်ဆီ ပို့ဆောင်ပေးခဲ့ပါတယ်။

ဒီပွဲစဉ်မှာ လီဗာပူးရဲ့စွမ်းဆောင်ရည်ပိုင်းက အကောင်းဆုံးအဆင့်မှာ ရှိမနေခဲ့ပေမယ့် အာနိုးလ်ကတော့ အသင်းအတွက် အရေးပါတဲ့ကစားသမားဆိုတာ နောက်တစ်ကြိမ်ပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့် အာနိုးလ်ကို ကွင်းလယ်လူအဖြစ် အသုံးပြုပေးဖို့ ကာလရှည်တောင်းဆိုခဲ့တဲ့ ဂယ်ရီလိုင်နီကာက သူ့ရဲ့အမြင်အပေါ် ယုံကြည်မှုတွေ ပိုမိုမြင့်တက်လာခဲ့ပါတယ်။

BBC သတင်းဌာနအတွက် တင်ဆက်ပေးနေစဉ် ဂယ်ရီလိုင်နီကာက “အာနိုးလ်က ကွင်းလယ်ကစားသမားတစ်ယောက်ပါလို့ ကျွန်တော်အမြဲတမ်းပြောခဲ့ပါတယ်။ သူ့ကို ညာနောက်ခံလူအဖြစ် သတ်မှတ်လို့ရတဲ့ စွမ်းဆောင်ရည်တွေ ရှိခဲ့ဖူးပါတယ်။ ကွင်းလယ်မှာဆိုရင်တော့ သူက ခံစစ်ပိုင်းကို တချိန်လုံးထိတွေ့နေစရာ မလိုအပ်တော့ပါဘူး။ အင်္ဂလန်မြေရဲ့ ဘောလုံးပွဲစဉ်တွေမှာ သူ့လောက် ဘောလုံးပေးပို့ပုံကောင်းမွန်တဲ့ ကစားသမားလည်း မရှိတော့ပါဘူး”လို့ ပြောပါတယ်။

အာဆင်နယ်ကစားသမားဟောင်း မာတင်ကီယွန်ကလည်း ဂယ်ရီလိုင်နီကာရဲ့အဆိုကို ထောက်ခံလိုက်ပြီး အာနိုးလ်ကို လီဗာပူးဂန္တဝင်ဂျရတ်နဲ့ပါ နှိုင်းယှဉ်ချီးကျူးခဲ့ပါတယ်။

ကီယွန်က “အင်္ဂလန်လက်ရွေးစင်အသင်း အတွက် နောက်ခံလူအဖြစ်မဟုတ်ဘဲ ကွင်းလယ်လူတစ်ဦးအဖြစ် သူ့ကို ရွေးချယ်သင့်ပါတယ်။ သူ့မှာ လက်ဖျားခါလောက်စရာ ဘောလုံးအရည်အသွေးတွေ ရှိပါတယ်။ အာနိုးလ်ကို ခံစစ်ဇုန်မှထုတ်ပြီး ကွင်းလယ်မှာ နေရာပေးရမယ့် အချိန်ရောက်ပြီလို့ ကျွန်တော်ယူဆမိပါတယ်။ သူလည်း အဲ့ဒီနေရာမှာ ကစားချင်ပါလိမ့်မယ်။ အခုအချိန်မှာတော့ အာနိုးလ်က ဂျရတ် နောက်တစ်ဦးလို ဖြစ်နေပြီး ခင်ဗျားတို့လည်း သူ့ကို ညာနောက်ခံလူအဖြစ်ကစားနေတာမျိုး လိုချင်ကြမှာမဟုတ်ပါဘူး”လို့ ပြောပါတယ်။

အာနိုးလ်ကို ကွင်းလယ်မှာ နေရာပေးကစားစေမှုက အင်္ဂလန်နည်းပြ ဂါရတ်ဆောက်ဂိတ်အတွက် အထူးအဆန်းတော့ မဟုတ်ပါဘူး။ အာနိုးလ်ဟာ ၂၀၂၁ ခုနှစ်၊ အန်ဒိုရာနဲ့ ပွဲစဉ်မှာ အင်္ဂလန်အသင်းရဲ့ ကွင်းလယ်လူအဖြစ် ပါဝင်ကစားပေးခဲ့ပြီး မကြာသေးမီ နိုဝင်ဘာလအတွင်း ယူရို ၂၀၂၄ ခြေစစ်ပွဲအဖြစ် မော်လ်တာကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာလည်း ကွင်းလယ်ကစားသမားအဖြစ် အာနိုးလ်က ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

မော်လ်တာကို အနိုင်ရရှိပြီးနောက် ကွင်းလယ်မှာပြောင်းလဲကစားရမှုနဲ့ပတ်သက်လို့ အာနိုးလ်က “ဆယ်ကျော်သက်အရွယ်တုန်းက ကျွန်တော်ဟာ ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်ခဲ့ဖူးတာကြောင့် ဒီနေရာနဲ့ပတ်သက်တဲ့ အရာအားလုံးကို နားလည်ပြီးသားဖြစ်ပါတယ်။ ကျွန်တော်က ဒီလိုနေရာမှာကစားဖို့ မကြာခဏ စမ်းသပ်ခံခဲ့ရပြီး အခုလည်း အသင်းနဲ့ တတ်နိုင်သလောက် လိုက်လျောညီထွေဖြစ်အောင် ကြိုးစားခဲ့ရပါတယ်။ ကွင်းလယ်လူဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကျွန်တော့်မှာရှိတဲ့ စွမ်းဆောင်ရည်တွေက ကွင်းလယ်မှာ ကစားနေသူတစ်ဦးအဖြစ် ပွဲကိုထိန်းချုပ်ပြီး အသင်းရဲ့ကစားဟန်ကိုပါ ထိန်းပေးထားနိုင်ဖို့၊ ဘောလုံးကို ရှေ့ဆီ အတိအကျပေးပို့ကာ ပြိုင်ဘက်တွေကို ကျော်ဖြတ်ပြီး အခွင့်အရေးဖန်တီးပေးနိုင်ဖို့ ဆိုတဲ့ ကစားသမားတစ်ဦးနဲ့တော့ အတော်လေးနီးစပ်နိုင်ပါတယ်။ ကွင်းလယ်မှာ ဒီလိုကစားနေသူတစ်ဦးကို ကွင်းလယ်လူအဖြစ်ပြောမယ်ဆိုရင်လည်း သင့်တော်ပါတယ်” လို့ ပြောပါတယ်။

#လီဗာပူး #အာဆင်နယ် #အာနိုးလ် #အက်ဖ်အေဖလား #လိုင်နီကာ