ရှေ့သို့
Image

အာဆင်နယ်ကို အနိုင်ယူခဲ့တဲ့ ကလော့ပ်ရဲ့နည်းဗျူဟာပိုင်းကို ထုတ်ဖော်ပြောပြလာတဲ့ အာနိုးလ်

2:19 PM, 8 January

လီဗာပူးနောက်ခံလူ ထရန့်အလက်ဇန်းဒါးအားနိုးလ်က ယမန်နေ့ညပိုင်း၊ အက်ဖ်အေဖလား ပွဲစဉ်မှာ အာဆင်နယ်ကို အနိုင်ရအောင်စွမ်းဆောင်ခဲ့တဲ့ နည်းပြ ယာဂန်ကလော့ပ်ရဲ့ နည်းဗျူဟာပိုင်း အပြောင်းအလဲတွေကို ရှင်းပြပြောဆိုခဲ့ပါတယ်။

အခုပွဲစဉ်မှာ အာဆင်နယ်က ပွဲစဉ်တစ်လျှောက်လုံး ဖိအားပေးကစားနိုင်ခဲ့ပေမယ့် နောက်ခံလူ ကီဝီအော်ရဲ့ O.G ဂိုး အပါအဝင် လူးဝစ်ဒီယက်ဇ်ရဲ့ သွင်းဂိုးတွေကြောင့် လီဗာပူးကို ဝ-၂ ဂိုးဖြင့် အရေးနိမ့်ကာ အက်ဖ်အေဖလားပြိုင်ပွဲမှ လက်ပြနှုတ်ဆက်ထွက်ခွာခဲ့ရပါတယ်။

ဒုတိယပိုင်းပွဲချိန်အတွင်း ဘရက်ဒ်လေ လူစားဝင်ရောက်လာချိန်မှာ အာနိုးလ်က ကွင်းလယ်ပိုင်းဆီ ပြောင်းလဲကစားခဲ့ပြီး သူ့ရဲ့ဖရီးကစ်ပေးပို့မှတဆင့် ကီဝီအော်ရဲ့ O.G ဂိုးကို မြင်တွေ့ခဲ့ရတာပါ။ ဒါ့အပြင် ကိုဒီဂတ်ပိုက ကွင်းလယ်မှ တိုက်စစ်သုံးယောက်တန်းဆီ ပြောင်းရွှေ့ကစားခဲ့ပြီး အီလီယော့ကတော့ ညာတောင်ပံမှ ဆန့်ကျင်ဘက်တောင်ပံနေရာဆီ ပြောင်းကစားပေးခဲ့ပါတယ်။

ပွဲအပြီးမှာတော့ လီဗာပူးလက်ထောက် ကပ္ပတိန်က ပွဲစဉ်ရဲ့ဒုတိယပိုင်းပွဲချိန်အတွင်း ကလော့ပ်ရဲ့ နည်းဗျူဟာပိုင်းအပြောင်းအလဲတွေက ဘယ်လောက်အထိ အကျိုးသက်ရောက်မှုရှိခဲ့လဲဆိုတာကို ရှင်းလင်းပြောပြရင်း ချီးကျူးစကားဆိုလိုက်ပါတယ်။

အာနိုးလ်က “အကျိုးသက်ရောက်မှုက ကြီးမားပါတယ်။ နိုင်ငံတကာပွဲစဉ်တွေကြောင့် ကစားသမားအချို့ကို လက်လွှတ်ပေးခဲ့ရသလို ဗန်ဒိုက်လည်း အသင်းနဲ့အတူ မရှိနေခဲ့ပါဘူး။ ဒါပေမယ့် နောက်ကျဂိုးနှစ်ဂိုးနဲ့ နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ပထမပိုင်း အပြီးမှာ အချို့အရာတွေကို အပြောင်းအလဲပြုလုပ်ခဲ့ပြီး ဘောလုံးကစားခဲ့လို့ အခွင့်အရေးတွေလည်း ဖန်တီးလာနိုင်ခဲ့တယ်။ ဒီလိုနည်းဗျူဟာပိုင်းပြောင်းလဲမှုက ကျွန်တော်တို့အတွက် အကျိုးသက်ရောက်မှုအများကြီးရှိပါတယ်။ ပထမပိုင်း ပွဲချိန်အတွင်းမှာတော့ ခံစစ်ပိုင်းမှာ ကစားကွက်တည်ပြီး ရိုးရိုးရှင်းရှင်းမြန်မြန်ဆန်ဆန် ကစားခဲ့ပါတယ်။ ကျွန်တော်တို့ အသင်းမှာ ကိုယ်ပိုင်ကစားပုံရှိပြီး ဒါဝင်နူနက်ဇ်နဲ့ လူးဝစ်ဒီယက်ဇ်တို့ရဲ့ အမြန်နှုန်းကို အသုံးပြုခဲ့ပါတယ်။ ဒါဝင်နူနက်ဇ်က တောင်ပံအထိ ထွက်ပြီး ပြိုင်ဘက်အသင်းခံစစ်အစွန်လူတွေကို အလုပ်ရှုပ်စေခဲ့ပါတယ်” လို့ ပြောပါတယ်။

အခုပွဲစဉ်မှာ အာနိုးလ်ရဲ့ ပွဲချိန်နှောင်းပိုင်းဖရီးကစ်က အာဆင်နယ်အသင်းကို အကောင်းဆုံးဒုက္ခပေးနိုင်ခဲ့ပြီး ဦးဆောင်ဂိုးပါရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ သူက အခုလိုတည်ကန်ဘောစွမ်းဆောင်ရည်ကောင်းရဲ့ နောက်ကွက်ရည်မှန်းချက်မှာ ပြိုင်ဘက်ကို တက်နိုင်သမျှ အခက်အခဲတွေ ပေးချင်ခဲ့တာပဲဖြစ်တယ်လို့ ရှင်းပြပါတယ်။

လီဗာပူးနောက်ခံလူက “တက်နိုင်သမျှအကောင်းဆုံး ပေးပို့ပေးချင်ခဲ့သလို ပြိုင်ဘက်အတွက်လည်း ဒီအမြင့်ဘောတွေကို ရှင်းထုတ်ရာမှာ အခက်အခဲတွေ့အောင် လုပ်ချင်ခဲ့တာပါ။ ကျွန်တော်တို့အသင်း ကန်ချက်နှစ်ကြိမ်လောက်လည်း ဂိုးဘားတန်းထိခဲ့ပါတယ်”လို့ ဆက်ပြောခဲ့ပါတယ်။

အခုပွဲစဉ်မှာ တစ်ဦးချင်းစွမ်းဆောင်ရည်ကောင်းတွေ အများကြီးကို မြင်တွေ့ခဲ့ရပေမယ့် အာနိုးလ်ကတော့ ဗန်ဒိုက်မရှိဘဲ အသင်းကို ဦးဆောင်ရချိန် သူ့ရဲ့ အရေးပါမှုအခန်းကဏ္ဍကို နောက်ထပ်တစ်ကြိမ် ဖော်ပြနိုင်ခဲ့ပါတယ်။

#လီဗာပူး #အာဆင်နယ် #ကလော့ပ် #အာနိုးလ် #အက်ဖ်အေဖလား